ကချင်ဒုက္ခသည်စခန်းတွင် အိုင်စီအာစီက ဆေးပစ္စည်းများ ဖြန့်ဝေ
DVB
·
February 28, 2013
ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ဒုက္ခသည်စခန်းတွေမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) က ဆေးဝါးတွေ ဖြန့်ဝေခဲ့ပါတယ်။
ပြည်နယ်အတွင်းက ဒဏ်ရာရ ဖျားနာတဲ့သူတွေကို ဆေးကုသပေးတဲ့ နေရာတွေကို ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ဖြန့်ဝေပေးခဲ့တယ်လို့ ကချင်ပြည်နယ် အိုင်စီအာရ်စီအဖွဲ့ ပြောခွင့်ရ ဦးညွန့်အုန်းက ပြောပါတယ်။
အစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ထိန်းချုပ်ရာ နယ်မြေ ၂ ခုလုံးမှာ ဖြန့်ဝေပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အိုင်စီအာရ်စီအဖွဲ့ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ လိုင်ဇာကနေ ပြန်လည်ထွက်ခွာလာပြီ ဖြစ်တဲ့အတွက် သွားရောက်ခဲ့တဲ့ နေရာတွေနဲ့ ခရီးစဉ်အသေးစိတ်ကို မသိရဘူးလို့ သူက ပြောပါတယ်။
အိုင်စီအာရ်စီအဖွဲ့ရဲ့ ကချင်ခရီးစဉ်အတွင်း ဒေါ့ဖုန်းယမ်မှာ အစိုးရတပ်တွေ ထောင်ထားတဲ့ ဗုံးတွေကြောင့် နောက်လှည့်ပြန်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
အိုင်စီအာရ်စီအဖွဲ့ဟာ လာနေကျလမ်းအတိုင်း လာလို့မရတဲ့အတွက် တခြားလမ်းခရီးကနေ လိုင်ဇာကို လာခဲ့ရပေမယ့် ခရီးစဉ် ချောမွေ့တယ်လို့ အိုင်အာစီအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုက္ခသည် ကူညီကယ်ဆယ်ရေး ကော်မတီက ဦးဒွဲပီဆာက ပြောပါတယ်။