Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများကို ရွှေ့ပြောင်းအခြေစိုက် ပြည်ဝင်ခွင့်ဗီဇာနှင့် ဒီဗီဗီဇာ မထုတ်ပေးတော့ဟု အမေရိကန် ထုတ်ပြန်
DVB
·
February 2, 2020
မြန်မာနိုင်ငံသားတွေအတွက် ရွှေ့ပြောင်းအခြေစိုက်ပြည်ဝင်ခွင့်ဗီဇာနဲ့ ဒီဗီဗီဇာကို ထုတ်ပေးတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၃၁ ရက်မှာ သမ္မတထရမ့် လက်မှတ်ရေးထိုးလိုက်တဲ့ နောက်ကြောင်း ရာဇဝင်စုံစမ်းတာနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့တာ ရှိ၊ မရှိ စုံစမ်းစစ်ဆေးတဲ့ လုပ်ငန်းစဉ်မြှင့်တင်မှုဆိုင်ရာ ကြေညာချက်ကြောင့် အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ လူမှုဘဝဖူလုံရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် သတင်းအချက်အလက် မျှဝေကျင့်သုံးတာ အားနည်းတဲ့ သက်ဆိုင်ရာနိုင်ငံတွေက နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ကန့်သတ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမိမြေလုံခြုံရေးဌာနကို ညွှန်ကြားလိုက်တာလို့ ဆိုပါတယ်။ ဒီကန့်သတ်ချက်ဟာ ဖေဖော်ဝါရီ ၂၁ ရက်မှာ စတင်မှာဖြစ်ပြီး တဦးတယောက်ချင်းရဲ့ အကြောင်းကိစ္စ အပေါ်မူတည်ပြီး ခြွင်းချက်နဲ့ ဖြေလျှော့ပေးတာတော့ ရှိနိုင်တယ်လို့ သံရုံးက ဆိုပါတယ်။  လျှောက်ထားသူဟာ ရွှေ့ပြောင်းအခြေစိုက်ပြည်ဝင်ခွင့်ဗီဇာ ဒါမှမဟုတ် ဒီဗီဗီဇာအတွက် အရည်အချင်း ပြည့်မီပေမယ့် ခြွင်းချက် ရှိ၊ မရှိ ဒါမှမဟုတ် ဒီကြေညာချက်အရ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးဖို့ ဖြေလျှော့ပေးနိုင်တာ ရှိ၊ မရှိ ဆိုတာကိုတော့ ကောင်စစ်ဝန်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒီကြေညာချက်ကြောင့် အမေရိကန်ပြည်ထောင်စုကို ခရီးသွားမယ့် မြန်မာနိုင်ငံသားအားလုံး ကန့်သတ်ခံရမလားဆိုတာကို တချို့က မေးမြန်းကြပြီး ကျောင်းတက်ဖို့၊ အလည်အပတ်သွားဖို့၊ စီးပွားရေးကိစ္စ သွားဖို့အပါအဝင် မြန်မာနိုင်ငံသားတွေအတွက် အခြေမစိုက်ဗီဇာ ထုတ်ပေးတဲ့အပေါ် မသက်ရောက်ဘူးလို့ သံရုံးက ဆိုပါတယ်။ ကြေညာချက်အသစ်အရ ပြည်ဝင်ခွင့်ဗီဇာတွေကို ပြန်ရုပ်သိမ်းမှာ မဟုတ်ဘဲ ဒီဆောင်ရွက်ချက်ဟာ တရားဝင် အမြဲတမ်းနေထိုင်ခွင့်ကတ် ကိုင်ဆောင်ထားသူတွေအပါ် မသက်ရောက်ဘူးလို့လည်း ဆိုပါတယ်။ ဒီကန့်သတ်ချက် အသစ်တွေနဲ့ ငြိစွန်းနေသူတွေဟာ ဗီဇာကို ဘယ်အချိန်ကပဲ ထုတ်ပေးတာဖြစ်ပါစေ၊ တရားဝင်ပြည်ဝင်ခွင့်ဗီဇာ ဒါမှမဟုတ် တရားဝင်ခရီးသွား စာရွက်စာတမ်း လက်ဝယ်ရရှိပြီးတဲ့သူတွေကို ယေဘုယျအားဖြင့် အမေရိကန်ပြည်ထောင်စုကို သွားခွင့်ပြုမှာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ပိုပြီးသိနိုင်ဖို့အတွက် ဒီရက်ပိုင်းမှာ အမေရိကန်သံရုံး ကောင်စစ်ဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ စောင့်ကြည့်ဖို့လည်း တိုက်တွန်းထားပါတယ်။ ကန့်သတ်လိုက်တာကတော့ ၆ နိုင်ငံဖြစ်ပြီး မြန်မာ၊ အီရီထရီးယား၊ ကာဂျစ္စတန်၊ နိုင်ဂျီးရီးယားနဲ့ ဆူဒန်နဲ့ တန်ဇီးနီးယားနိုင်ငံတို့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024