Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကန်ဒေါ်လာ ၃၂ သန်းကျော်၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၁၄ ခု ခွင့်ပြုပေးထား
DVB
·
February 2, 2020
ဧရာဝတီတိုင်းမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းထိ နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှု ၁၄ ခု၊ ဒေါ်လာ ၃၂ သန်းကျော် ခွင့်ပြုပေးထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြောပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလက စတင်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်ထိ ဧရာဝတီတိုင်း ရင်နှီးမြှုပ်နှံမှုကော်မတီအနေနဲ့ ပြည်တွင်း ပြည်ပ လုပ်ငန်းပေါင်း ၄၂ ခုကို ခွင့်ပြုပေးနိုင်ခဲ့တယ်လို့ ဧရာဝတီတိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဦးသက်ပိုင်က ဒီဗွီဘီကို ပြောပါတယ်။ တိုင်းရင်းနှီးမြုပ်နှံမှုကော်မတီအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၄ ခု၊ စုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၃၂၈ သန်းနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၈ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၈၃၈၈၉ ဒသမ ၆၀၄ သန်းရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၂၅၀၆ ခုကို ဖန်းတီးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်း အထည်ချုပ်လုပ်ငန်း ၁၆ ခုကို တိုင်းအတွင်းမှာရှိတဲ့ မအူပင်၊ ပုသိမ်၊ မြောင်းမြတို့မှာ ဖွင့်လှစ်ထားရှိပြီး ပုသိမ်စက်မှုမြို့တော်ဆိုပြီး စက်မှုဇုန် ၄ ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ပုသိမ်စက်မှုဇုန်မှာ လုပ်ငန်းပေါင်း ၂၀ ကျော်ပါဝင်မှာဖြစ်ပြီး အထည်ချုပ်လုပ်ငန်း ၁ ခု ထပ်မံခွင့်ပြုပေးထားကာ ညောင်တုန်းနဲ့ ဝါးခယ်မမြို့တွေမှာလည်း စက်မှုဇုန်တွေ ဆက်လက် ဖော်ဆောင်သွားဖို့ရှိတယ်လို့ တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီက သိရပါတယ်။ ဧရာဝတီတိုင်းမှာ ရန်ကုန်တိုင်းနဲ့ နီးစပ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တာကြောင့် ကမ်းခြေတွေရှိတဲ့အတွက် အထည်ချုပ်လုပ်ငန်းများထက်ပိုပြီး ခရီးသွားငန်းဖြစ်တဲ့ ဟိုတယ်လုပ်ငန်းကို စိတ်ဝင်စားမှုပိုများတဲ့အတွက် မကြာမီ ကမ်းခြေပတ်လမ်းကိုလည်း ဖောက်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ မကြာမီ ဖောက်လုပ်မယ့် ကမ်းခြေပတ်လမ်းမှာ ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်၊ ဂွ- သံတွဲမြို့အထိ ကမ်းခြေကတဆင့် သွားရောက်နိုင်မှာ ဖြစ်တာကြောင့် ကမ်းခြေခရီးသွားလုပ်ငန်းတွေ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်တယ်လို့ တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက သုံးသပ်ပြောဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုပေးခဲ့တဲ့ မြို့နယ်တွေမှာ ညောင်တုန်းမြို့နယ်မှာ ၄ ခု၊ လပွတ္တာ၊ ဒေးဒရဲ၊ မြန်အောင်၊ ကျောင်းကုန်း၊ ငပုတောမြို့နယ်တွေမှာ ၁ ခုစီနဲ့ ငွေဆောင်ကမ်းခြေမှာ ၈ ခု၊ ချောင်းသာကမ်းခြေမှာ ၃ ခု၊ မအူပင်မြို့နယ်မှာ ၇ ခု၊ ပုသိမ်မြို့နယ်မှာ ၆ ခု၊ မြောင်းမြမြို့နယ်မှာ ၂ ခု၊ ကန်ကြီးထောင့်မြို့နယ်မှာ ၄ ခုနဲ့ ရွှေသောင်ယံကမ်းခြေတွင် ၂ ခုတို့ဖြစ်ကြောင်း တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ အချက်အလက်တွေအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024