Home
မြန်မာသတင်း
လူထုဗဟိုပြုစီမံကိန်း မြို့နယ်များတွင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၂ ခု ပါဝင်လာ
Aung Ko Latt
·
February 1, 2020
တနိုင်ငံလုံး ထပ်တိုးတဲ့ လူထုဗဟိုပြုစီမံကိန်းမြို့နယ် ၁၃ မြို့နယ်ထဲမှာ စစ်ကိုင်းတိုင်းက ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်တွေ အဆိုပြု ရွေးချယ်ခံခဲ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်တွေကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ နဲ့ ၂၀၁၃ ခုနှစ်ကနေ စတင်ကာ မြို့နယ်တွေ ရွေးချယ်ပြီး ဆောင်ရွက်နေတာပါ။ စီမံကိန်းက အောင်မြင်မှုတွေ ရရှိခဲ့တာကြောင့် ကမ္ဘာ့ဘဏ်က နောက်ထပ်ချေးငွေ ဒေါ်လာသန်း ၄၀၀၊ အီတလီအစိုးရက ယူရိုသန်း ၂၀၊ နိုင်ငံတော်က ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁ သန်း၊ အီတလီက ထောက်ပံ့ငွေ ဒေါ်လာ ၃ သန်း၊ တခြားထောက်ပံ့ငွေ ဒေါ်လာ ၃ သန်း စုစုပေါင်း မူလသန်း ၈၀ အပါအဝင် ၅၄၉ သန်းထိ တိုးမြှင့် အကောင်အထည်ဖော် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ အခုထိ မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ဆောင်ရွက်ပြီးတဲ့အထိ နောက်ထပ် ဒေါ်လာ ၉၆ သန်း ပိုတဲ့အတွက် နောက်ထပ် ၁၃ မြို့နယ် တိုးချဲ့ဆောင်ရွက်တာ ဖြစ်ပါတယ်။ “ကျေးလက် လူမှုစီးပွား အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ ကျေးလက်နေ ပြည်သူတွေရဲ့ စွမ်းဆောင်ရည်မြင့်မားရေး ရည်ရွယ်ပြီး လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်ရဲ့ ကူညီထောက်ပံ့မှုနဲ့ မြို့နယ်ပေါင်း ၆၃ မြို့နယ်က ကျေးရွာတွေအားလုံးကို လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ရန်ပုံငွေတွေ သုံးစွဲတဲ့နေရာမှာ ချွေတာသုံးစွဲတာ၊ နိုင်ငံခြားငွေ လဲလှယ်မှု ပြောင်းလဲတာတွေကြောင့် ၉၆ သန်းလောက်ပိုတဲ့အတွက် ၁၃ မြို့နယ်ကို တိုးချဲ့တာ ဖြစ်ပါတယ်"လို့ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါ်ညိုညိုဝင်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ပင်လည်ဘူး၊ ဗန်းမောက်၊ မြောင်၊ ကျွန်းလှ၊ ကနီ စတဲ့မြို့နယ်တွေက ပထမ ၆၃ မြို့နယ်ရဲ့ စီမံကိန်းဝင်မြို့နယ်တွေအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဖြစ်ပါတယ်။ နောက်ထပ်တိုးမယ့် ၁၃ မြို့နယ်ထဲက စစ်ကိုင်းတိုင်းအတွက် တမြို့နယ် ရွေးချယ်ပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့က မုံရွာမြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။  တက်ရောက်လာသူတွေရဲ့ အမှတ်ပေးရွေးချယ်မှုအရ ပထမဦးစားပေးမြို့နယ်အဖြစ် ခန္တီးမြို့နယ်၊ ဒုတိယဦးစားပေးမြို့နယ်အဖြစ် ဟုမ္မလင်းမြို့နယ်တွေကို အဆိုပြု ရွေးချယ်ခဲ့တာ ဖြစ်ပြီး အဲဒီနှစ်မြို့နယ်ထဲက ဝန်ကြီးချုပ်က ထပ်မံပြီး ရွေးချယ်ရမှာပါ။  လူထုဗဟိုပြုစီမံကိန်း ၆ နှစ်တာ ကာလအတွင်း မြို့နယ်ပေါင်း ၆၃ မြို့နယ်၊ ကျေးရွာ အုပ်စုပေါင်း ၂၆၇၁ စု၊ ကျေးရွာပေါင်း ၁၂၀၂၁ ခုတို့မှာ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၃၁၀၀၀ ကျော်ကို ကျေးရွာဖွံ့ဖြိုးမှုအစီအစဉ် ၁၂၀၀၀ ရွေးဆွဲ ဆောင်ရွက်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024