တရုတ် ကမ္ဘာလှည့်ခရီးသွားများကို ဆိုက်ရောက်ဗီဇာ ယာယီရပ်ဆိုင်း
DVB
·
February 1, 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားတာဟာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်လာတာကြောင့် တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်ကြမယ့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာ ယာယီရပ်ဆိုင်းလိုက်ပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လေကြောင်းကနေလာတဲ့ တရုတ်နိုင်ငံသားခရီးသည်တွေကို ပြီးခဲ့တဲ့ ၂၀၁၉ စက်တင်ဘာလကပဲ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ကို တနှစ် သက်တမ်းတိုးပေးထားတာ ဖြစ်ပါတယ်။
အခုတော့ ယာယီရပ်ဆိုင်းထားဖို့ သက်ဆိုင်ရာဌာနတွေကို ဒီနေ့ အကြောင်းကြားထားပြီလို့ ဆိုပါတယ်။
တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားတာနဲ့ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပြီး မလိုအပ်ဘဲ ခရီးမသွားဖို့နဲ့ ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ကြဖို့ ထုတ်ပြန်ထားတာပါ။