Home
မြန်မာသတင်း
နော်ခမ်းကို ဆေးထိုးသတ်မည်
DVB
·
February 28, 2013
တရုတ်နိုင်ငံ တရားရုံးမှာ သေဒဏ်စီရင်ခံထားရတဲ့ ရှမ်းတိုင်းရင်းသား စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦးကို မတ် ၁ ရက်နေ့မှာ ဆေးထိုးသတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ မဲခေါင်မြစ်အတွင်းက တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးထားတဲ့ စိုင်းနော်ခမ်းကို ယူနန်ခရိုင် အနောက်တောင်ပိုင်း ကူမင်းမှာ မတ် ၁ ရက်နေ့ ဆေးထိုး ကွပ်မျက်ဖို့  ကူမင်း လူထုတရားရုံး က ဖေဖော်ဝါရီ ၂၇ ရက်နေ့က ချမှတ်လိုက်ပါတယ်။ စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦးဖြစ်တဲ့ ထိုင်းနိုင်ငံက စိုင်းဆန်ခမ်း၊ နိုင်ငံမဲ့ ယီလိုင်းနဲ့ လာအိုနိုင်ငံသား  ဂျဆီးကား တို့ဟာ အယူခံကြပေမယ့် အယူခံငြင်းပယ်ခံရတာကြောင့် သတ်မိန့်ကို ပြန်လည်သုံးသပ်ဖို့ လူထုတရား တရားရုံးချုပ်ကို ပေးပို့ခဲ့ရာမှာ တရားရုံးချုပ် ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ပြီး ဆေးထိုးသတ်ဖို့ ဒီအမိန့်ကို ချမှတ်ခဲ့တာလို့ တရုတ် သတင်းစာမှာ ရေးပါတယ်။ ကွပ်မျက်တာကို ကူမင်းပြည်သူ့အစိုးရရှေ့နေတွေက ကြီးကြပ်လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခုချိန်မှာတော့ သူတို့ ၃ ဦးကို မိသားစုတွေ၊ ကူမင်းက ထိုင်း၊ မြန်မာ ကောင်စစ်ဝန်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ စီရင်ပြီးရင်တော့ သူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ ပစ္စည်းတွေနဲ့ ရုပ်အလောင်းတွေကို ဆွေမျိုးတွေနဲ့ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးတွေကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ မဲခေါင်မြစ်ထဲက တရုတ်သင်္ဘော ၂ စင်းက သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်ရာမှာ နောက်ကွယ်ကနေ ကြိုးကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံက ရှာဖွေခဲ့ရာမှာ လာအိုနိုင်ငံမှာ ၂၀၁၂ အစောပိုင်းက ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ကို ရုံးတင်စစ်ဆေးရာမှာ ဖြောင့်ချက်ပေးခဲ့တဲ့အတွက်  ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့မှာ စိုင်းနော်ခမ်းနဲ့ အပေါင်းပါ ၃ ဦးကို သေဒဏ်စီရင်ခဲ့တာလည်း ဖြစ်ပါတယ်။ စိုင်းနော်ခမ်းဟာ ဖမ်းဆီးမခံရခင်မှာ ထိုင်းနိုင်ငံအစိုးရက ၀ရမ်းထုတ်ပြန်တဲ့ မူးယစ်ရာဇာစာရင်းမှာ ပါရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024