ဖာနန်ဒက်စ်အား အချိန်ပေးရန် ပရိသတ်များကို နာနီ တိုက်တွန်း

Picture: Getty
756
ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး စိတ်ရှည်ရှည်ထားပေးကြဖို့ ယူနိုက်တက်ကစားသမားဟောင်း နာနီက အသင်းပရိသတ်တွေကို တောင်းဆိုသွားခဲ့ပါတယ်။
နာနီက ဖာနန်ဒက်စ် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာမှုအပေါ် ချီးကျူး ဂုဏ်ပြုသွားခဲ့ပြီး ကစားသမားအနေနဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ အချိန်လိုအပ်တယ်လို့ ပြောပါတယ်။
ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ဟာ ကြာသပတေးနေ့မှာ အပြီးသတ်နိုင်ခဲ့တာ ဖြစ်ပြီး ဆုကြေးငွေတွေအပါအဝင် ဒီအပြောင်းအရွှေ့ရဲ့ တန်ကြေးဟာ ပေါင် ၆၇ ဒသမ ၇ သန်းအထိ မြင့်တက်လာခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ သောကြာနေ့မှာ ယူနိုက်တက်အသင်းနဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းခဲ့ပြီး ဝုဗ်အသင်းရဲ့ အခုတပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်း လူစာရင်းမှာပါ ဝင်လာနိုင်တယ်လို့ သတင်းတချို့မှာ ခန့်မှန်းရေးသားထားကြပါတယ်။
ပေါ်တူဂီသား ဖြစ်တဲ့ နာနီဟာလည်း ၂၀၀၇ ခုနှစ်မှာ စပို့တင်းအသင်းကနေ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဖာနန်ဒက်စ်နဲ့ အတူတူ တွဲကစားခဲ့ဖူးသလို သူတို့နှစ်ဦးဟာ လက်ရွေးစင်အသင်း ကစားဖော်တွေလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နာနီဟာ ယူနိုက်တက်အသင်းအနေနဲ့ ကစားသမားကောင်းတဦးကို ခေါ်ယူနိုင်ခဲ့တယ်လို့ ယုံကြည်နေပြီးတော့ “ဖာနန်ဒက်စ်အနေနဲ့ အသင်းသစ်၊ လိဂ်အသစ်နဲ့ နိုင်ငံအသစ်မှာ အသားကျဖို့ အချိန်လိုအပ်နိုင်တယ်” လို့ ပြောပါတယ်။
“သူဟာ သူ့အရည်အသွေးကို ကောင်းကောင်းသက်သေပြသွားမယ့် ကစားသမားဆိုတာ သံသယဝင်စရာ မရှိပါဘူး။ သူဟာ ယူနိုက်တက်အသင်းမှာ ပြောင်မြောက်တဲ့ဂိုးတွေကို သွင်းယူမယ့်သူပါ။ ကမ္ဘာ့အဆင့် ကစားသမားကောင်းတွေနဲ့အတူ ယူနိုက်တက် ပြန်လည်ပေါ်ထွက်လာမှာကိုလည်း မစောင့်နိုင်တော့ပါဘူး” လို့ နာနီက ပြောပါတယ်။
အသက် ၃၃ နှစ်အရွယ် ယူနိုက်တက် တိုက်စစ်မှူးဟောင်းဟာ လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းမှာ ကစားနေသူလည်း ဖြစ်ပါတယ်။ နာနီနည်းတူ ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်ကလည်း ဖာနန်ဒက်စ်ကို ချီးကျူးပြောဆိုခဲ့ပြီး သူဟာ ဖာနန်ဒက်စ်နဲ့ ပတ်သက်လို့ ရော်နယ်ဒိုနဲ့ နာနီတို့ကို မေးမြန်းကြည့်တဲ့အခါ နှစ်ယောက်စလုံးက ကောင်းမွန်တဲ့ ထောက်ခံချက်တွေ အသီးသီးပေးခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော် ဖာနန်ဒက်စ်နဲ့ပတ်သက်လို့ သူ့ရဲ့ကလပ်အသင်းဖော်တွေရော၊ နိုင်ငံ အသင်းဖော်တွေကိုပါ မေးမြန်းခဲ့ပါတယ်။ နာနီကတော့ သူဟာ ကစားသမားကောင်းတဦး ဖြစ်ပြီး အင်္ဂလန်မြေနဲ့ သင့်တော်မယ့်သူလို့ ပြောပါတယ်။ ရော်နယ်ဒိုကလည်း ဖာနန်ဒက်စ်ကို ထောက်ခံခဲ့ပြီးတော့ သူဟာ ပြီးပြည့်စုံတဲ့ ကစားသမားတယောက်ဖြစ်ကြောင်း ကျနော့်ကို ပြန်ပြောခဲ့တယ်” လို့ ဖာဒီနန်က ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။