ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီဖွဲ့စည်းတာဝန်ပေး
DVB
·
January 31, 2020
၂၀၁၉ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး (2019-nCov) ကြောင့် ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို နိုင်ငံတော် သမ္မတက ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။
ဗဟိုကော်မတီမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပူးတွဲ ဥက္ကဋ္ဌဖြစ် တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင် ၂၇ ဦးပါဝင်ဖွဲ့စည်းထားတယ်လို့ ဇန်နဝါရီ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
ဗဟိုကော်မတီအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ စောင့်ကြည့်ရေးလုပ်ငန်းတွေကို ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ခရီးသွားတွေနဲ့ မြန်မာနိုင်ငံသားတွေကို ရောဂါကူးစက်မှုရှိမရှိ စောင့်ကြည့်ပြီး ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက ကူးစက်ပျံ့နှံ့မှုမရှိအောင် ဆက်လက်ဆောင်ရွက်ဖို့ စတာတွေ တာဝန်ပေးထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံ ဝူဟန်ရောက် မြန်မာကျောင်းသားတွေကို အထူးလေယာဉ်နဲ့ ပြန်ခေါ်ဖို့ပြီး ကျန်းမာရေး စောင့်ကြပ်စစ်ဆေးတဲ့ လုပ်ငန်းတွေလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို နို်ငငံတကာကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ( WHO) က ကြေညာလိုက်တဲ့ နေ့မှာပဲ မြန်မာနိုင်ငံမှာလည်း ဒီရောဂါ အရေးတုံ့ပြန်ဆောင်ရွက်ဖို့ ဗဟိုကော်မတီကို မြန်မာအစိုးရက ဖွဲ့စည်းတာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အတည်ပြုလူနာမတွေ့ရှိရသေး ပေမယ့် ဒီကနေ့မနက်က တရုတ်နိုင်ငံက လာတဲ့ ခရီးသည်တင်လေယာဉ်တစီးနဲ့ လိုက်ပါလာတဲ့ တရုတ် အမျိုးသားတဦးမှာ ရောဂါသံသယရှိလို့ ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ ပါတယ်။
ဓာတ်ပုံ- MOHS