မိုင်းတုံမြို့နယ်တွင် လားဟူရိုးရာနှစ်သစ်ကူးပွဲ ကျင်းပ
DVB
·
January 31, 2020
လားဟူတိုင်းရင်းသားတွေရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကျေးရွာပေါင်း ၂၅ ရွာလောက်က လားဟူတိုင်းရင်းသားတွေ စုပေါင်းပြီး ကျင်းပခဲ့ကြပါတယ်။
"နှစ်သစ်ကူးကာလက ထင်းရှူးနဲ့ ချယ်ရီပင်တွေ ဖူးပွင့်တဲ့ အချိန် တပို့တွဲလဆန်း ၁ ရက်နေ့ကစပြီး ခုနှစ်ရက်ခုနှစ်လီ ကျင်းပကြတာပါ။ နှစ်သစ်ကူးကာလမှာ ကျေးရွာအချင်းချင်းက တိုင်းရင်းသားခေါင်းဆောင် သက်ကြီးရွယ်အိုတွေကို အပြန်အလှန်သွားရောက် လက်ဆေးမင်္ဂလာပြုပြီး ကန်တော့ကြပါတယ်” လို့ လားဟူယဥ်ကျေးမှုအဖွဲ့မှ ဦးကျဟယ်သဲက ဆိုပါတယ်။
လားဟူတိုင်းရင်းသားရိုးရာအရ ယောကျ်ားတွေစစ်တိုက်ထွက်နေချိန် အမျိုးသမီးတွေက စုပေါင်းပြီး စစ်နိုင်ပါစေကြောင်း ထင်းရှူးနဲ့ ချယ်ရီပန်းများဖူးပွင့်ချိန် ဆုတောင်းမှုပြုကြရာက စစ်ထွက်ယောကျ်ားများ ပြန်လည်ရောက်ရှိလာတာကြောင့် နှစ်သစ်ကူးပွဲတော်ကို အမျိုးသမီး ၃ ရက်၊ အမျိုးသား ၃ ရက် သတ်မှတ်ကျင်းပလာခဲ့ကြလို့ ဆိုကြပါတယ်။
ပွဲတော်ကာလနောက်ဆုံးရက်ကိုတော့ အမျိုးသမီးတွေအတွက် ချည်ထုပ်ပစ်ဖမ်းက စားနည်းနဲ့ ဒိုးပစ်ကစားနည်း၊ အမျိုးသားတွေအတွက် ရိုးရာဂျင်ပေါက်ကစားနည်းအပြင် အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက်နဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေးအတွက် ဂေါက်သီးရိုက်အားကစားနည်းကိုလည်း ထည့်သွင်းကျင်းပကာ ဆုတွေချီးမြှင့်ပေးခဲ့ပါတယ်။
အောင်ဇေယျ