Home
မြန်မာသတင်း
ကေအန်ယူ အဖျက်အမှောင့်လုပ်ရပ်များလုပ်နေဟု တပ်မတော် သတိပေးကန့်ကွက်စာပေးပို့
DVB
·
January 31, 2020
ကေအန်ယူရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကို သက်ဆိုင်ရာသို့ သတိပေးကန့်ကွက်စာ ပေးပို့ထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီ ၃၀ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း တပ်မတော်ဘက်က ကြိုတင်ညှိနှိုင်းထားပေမယ့် တပ်မတော်စစ်ကြောင်းတွေနဲ့ ယာဉ်တွေကို ကေအန်ယူက ၂ဝ၁၉ နိုဝင်ဘာမှ  ၂ဝ၂ဝ ဇန်နဝါရီလအတွင်း နှောင့်ယှက်တိုက်ခိုက်မှု ၇ ကြိမ်၊ မိုင်းနင်း၊ မိုင်းကွဲမှု ၇ ကြိမ်၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု ၃ ကြိမ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒေသန္တရမိုင်းတွေ ဖော်ထုတ်သိမ်းဆည်းနိုင်မှု ၈ ကြိမ်(မိုင်း ၁၃ လုံး) ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၇ ရက်ကလည်း လမ်းဖောက်လုပ်ရာမှာ လုံခြုံရေး လိုက်ပါဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းကို ဖာပွန်မြို့နယ်၊ နတ်တောင်ကျေးရွာနားအရောက်မှာ  ကေအန်ယူအဖွဲ့က ကားမိုင်း ၁ လုံးနဲ့ ရှော့တိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ တပ်မတော် တပ်ရင်းမှူး တဦး မိုင်းစထိမှန်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တယ်လို့ တပ်မတော်က သတင်းမှာဖော်ပြပါတယ်။  အလားတူ ကေအန်ယူရဲ့ တပ်ရင်းဌာနချုပ်စခန်းတွေကိုလည်း မြန်မာတပ်မတော်ဘက်က ဒရုန်းတွေစေလွှတ်ပြီး စုံစမ်းထောက်လှမ်းတဲ့အပေါ် ကေအန်ယူ တပ်မဟာ ၅ ဌာနချုပ်က ကရင်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီထံကို ဇန်နဝါရီ ၂၁ ရက်က  ကန့်ကွက်လွှာပေးပို့ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024