ခင်ဦးမြို့နယ်တွင် ခရီးသည်တင်ယာဉ်က နွားလှည်းဝင်တိုက်၊ ၂ ဦးသေဆုံး
DVB
·
January 31, 2020
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ခရီးသည်တင်ယာဉ်နဲ့ နွားလှည်း တိုက်မှုဖြစ်ပွားခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ်၊ အလယ်သျှို ကျေးရွာရဲ့ တောင်ဘက် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း ကီလိုမီတာတိုင်အမှတ် ၃၃ အနီးမှာ ဇန်နဝါရီ ၃၀ ရက်နေ့ မနက် ၆ နာရီလောက်က မင်းမင်းစိုးမောင်းနှင်လာတဲ့ ခရီးသည်တင်မှန်လုံယာဉ်က လားရာတူရှေ့မှ မိုးဒီ မောင်းနှင်ပြီး မလှိုင်ဇာအောင် ၂၆ နှစ်အပါအဝင် အမျိုးသမီး ၃ ဦး လိုက်ပါလာတဲ့ နွားလှည်းအား ဝင်ရောက်တိုက်မိခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ယာဉ်တိုက်မှုကြောင့် မလှိုင်ဇာအောင်အပါအဝင် အမျိုးသမီး ၂ ဦးဟာ ဦးခေါင်းကြေမွ၊ ဝဲလက်ဖျံ ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပြီး ၂ ဦးကတော့ ဒဏ်ရာတွေ (မစိုးရိမ်ရ) ရရှိခဲ့လို့ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ခရီးသည်တင်ယာဉ်မောင်း မင်းမင်းစိုး (ဖမ်းမိ)အား ခင်ဦးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/သာမန် နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။