ထွက်ပြေးသွားသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာကို ပြန်ခေါ်ယူစောင့်ကြည့်ကုသပေးနေ
DVB
·
January 31, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ပျဉ်သာကျေးရွာအုပ်စုမှာ ဇန်နဝါရီ ၃၀ ရက် ညနေက တရုတ်နိုင်ငံက ပြန်လာတဲ့ အမျိုးသားတဦး အဖျားတက်ပြီး ချောင်းဆိုးနေတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် သံသယရှိတာကြောင့် စောင့်ကြည့်ပြီး ဆေးကုသပေးနေပါတယ်။
မိတ္ထီလာမြို့နယ်၊ ပျဉ်သာအုပ်စုနေ ကိုသန်းဇော်မိုး(၄၂နှစ်)ဟာ တရုတ်နိုင်ငံ မန်စီမြို့ကို ၂၀၁၉ ခုနှစ် ဇူလိုင်လလောက်က ပန်းရံအလုပ် လုပ်ဖို့ သွားရောက်ခဲ့ပါတယ်။ ၂၀၂၀ ဇန်နဝါရီ ၂၂ ရက်ကနေရပ်ပြန်ရောက်လာကာ ချောင်းဆိုးပြီး အဖျားတက်နေတဲ့အတွက် မိတ္ထီလာဆေးရုံ လာရောက်ပြသခဲ့ပါတယ်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း က "တရုတ်မှာ အလုပ်သွားလုပ်တယ်။ ပြန်လာတယ်။ ချောင်းဆိုးပြီး အဖျား ၁၀၄ လောက်တက်နေတော့ ကိုရိုနာဗိုင်းရပ်စ်လို့ သံသယ ဖြစ်ကြတာပါ။ မန္တလေးဆေးရုံပို့မယ်လုပ်တုန်း ထွက်ပြေးသွားတယ်။ ခရိုင်အုပ်ချုပ်ရေးရုံးရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ရှာဖွေတယ် ပြန်တွေ့တယ်။ သူ့ရွာကလည်း လက်မခံဘူးပေါ့။ အခုတော့ စောင့်ကြည့်ပြီး ဆေးကုသပေးနေပါတယ်"လို့ ပြောပါတယ်။
မိတ္ထီလာဆေးရုံ ဆရာဝန်ကြီးတွေက သံသယရှိတဲ့အတွက် မန္တလေးဆေးရုံပို့ဖို့ စီစဉ်နေဆဲ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေ၊ ရပ်ရွာလူကြီးတွေ ပူပေါင်းရှာဖွေရာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
မန္တလေးဆေးရုံကို မသွားဖူးလို့ငြင်းဆိုနေပြီး မိတ္ထီလာဆေးရုံ သီးသန့်အခန်းမှာ ထားရှိကာ စောင့်ကြည့်ကာ ဆေးကုသပေးနေပါတယ်။
သတင်း-မောင်မောင်လင်း