အရက်လိုင်စင်ကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၃၀ ရက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးရဲ့ ဖြေကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်တဦးက ကန့်ကွက်ပြောကြားလိုက်ပါတယ်။
ကျေးရွာနေပြည်သူတွေက ပယ်ဖျက်ပေးဖို့ ကန့်ကွက်ထားတဲ့ တိုက္ကလကျေးရွာက CS2A အရက်လိုင်စင်နဲ့ပတ်သက်ပြီး ဘယ်လိုအရေးယူပေးမယ်ဆိုတာကို သိလိုကြောင်း ကြယ်ပွင့်ပြ မေးခွန်းမေးခဲ့မှုကို တိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က ဖြေကြားခဲ့ရာမှာ မေးခွန်းရှင် ဝါးခယ်မမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
“ဝန်ကြီးအနေနဲ့ ဒါကို ဘယ်လိုအကြောင်းပြချက်နဲ့ လက်ခံရတာလဲ၊ စာမှာ သက်သေရှိတယ် ဆိုရင် ဝန်ကြီးအနေနဲ့လည်း တာဝန်ရှိပါတယ်။ မေးခွန်းတခုကို ဖြေတယ်ဆိုတာ အောက်ခြေက ရေးပြတာကို ဖတ်မပြပါနဲ့ ကိုယ်တိုင်ကွင်းဆင်းလေ့လာကြည့်ပါအုံး။ ဝန်ကြီးကိုယ်တိုင် ဝါးခယ်မမြို့နယ်ကို ကွင်းဆင်းကြည့်ပါ။ ဘယ်လိုအဖြေတွေထွက်လာမလဲဆိုတာ၊ အဲ့တော့ အဖြေကို လုံးဝကန့်ကွက်ပါတယ်။ ဆက်လက်ပြီး လုပ်စရာရှိတာတွေကို လုပ်သွားမှာပါ”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ပြောပါတယ်။
အရက်လိုင်စင်ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေမှာ ပုဂ္ဂိုလ်ရေးအရ မကျေလည်မှုတွေ ပါဝင်နေတာကြောင့် ဧရာဝတီတိုင်းအစိုးရအနေနဲ့ အနီးကပ်စောင့်ကြည့် စစ်ဆေးအရေးယူ သွားမယ်လို့ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပြည်သူတွေကိုယ်တိုင် အကြိမ်ကြိမ်တင်ပြခဲ့တာကို အရေးမယူဘဲ စောင့်ကြည့်မယ်ဆိုတာ မဖြစ်သင့်ဘူးလို့ မေးခွန်းမေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)