တရုတ်နိုင်ငံက ပြန်လာသူ ၄၅ ဦးကို ချောက်မြို့နယ်ကျန်းမာရေးဌာနက စစ်ဆေး
DVB
·
January 30, 2020
တရုတ်နိုင်ငံကနေ မကွေးတိုင်း၊ ချောက်မြို့နယ် သစ်တိုကန်ကျေးရွာကို ပြန်လာသူ ၄၅ ဦးကို မြို့နယ်ကျန်းမာရေး ကြီးကြပ်မှုကော်မတီက ကွင်းဆင်းစစ်ဆေးပေးခဲ့တယ်လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။
“ကျနော်တို့ကတော့ ဖျားသလား၊ ချောင်းဆိုးသလား၊ နှာချေသလား အဲဒါလေးတွေကို ကျေးလက်ကျန်းမာရေးဌာနခွဲ ဆရာမက ၁၄ ရက်စောင့်ကြည့်မှာပါ။ ထူးခြားချက်တွေကိုလည်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနကို ဆက်လက်သတင်းပို့မှာဖြစ်သလို မြို့နယ် ကျန်းမာရေးဌာနကလည်း လိုအပ်ရင်လိုအပ်သလို အထက်အဆင့်ကို သတင်းပေးပို့ တင်ပြသွားမယ်။”
အဆိုပါကျေးရွာကို ပြန်လည်ရောက်ရှိလာသူ ၄၅ ယောက်ဟာ တရုတ်နိုင်ငံ ရွှေလီမြို့ ကြာအိန် မိုဘိုင်းဖုန်းသုံး နားကြပ်စက်ရုံမှာ အလုပ်လုပ်ကြတာဖြစ်ပြီး ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသတင်း ကြားသိရပြီး ပြန်လာကြတာလို့ သိရပါတယ်။
ပြန်လာသူ ကိုဇော်မျိုးအောင်က “ကျနော်တို့ ပြန်လာချိန်မှာလည်း တရုတ်ပြည်ဘက် ကြယ်ခေါင်ဘက်မှာ တရုတ်ဘက်က တကြိမ်၊ မြန်မာပြည်ဘက်ရောက်တော့လည်း မူဆယ်မှာ တကြိမ် စစ်ဆေးခံပြီး စိတ်ချရမှ ပြန်လွှတ်တာပါ။ လောလောဆယ်ရွာမှာက တရုတ်ပြန်ဆိုတော့ ကျန်မာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတာပေါ့။ ပြန်လာတာကလည်း ဝူဟန်မှာဖြစ်နေတဲ့ ပြဿနာကြောင့် ပြန်လာတာ။ ရွာသူရွာသားတွေအနေနဲ့ကလည်း တရုတ်နိုင်ငံက ပြန်လာတယ်ဆိုတဲ့အသိပဲရှိတော့ တကယ်တမ်း အဲလောက်ကြီးလည်း သူတို့ကို မစိုးရိမ်စေချင်ဘူး၊ ကျနော်တို့ကလည်း ရှောင်လာတာ” လို့ပြောပါတယ်။
ဇန်နဝါရီ ၃၀ ရက် နေခင်းပိုင်အချိန်က မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့နဲ့ မြို့နယ်ကုသရေး ကျန်မာရေးအဖွဲ့တွေပါတဲ့ မြို့နယ် ကျန်းမာရေး ကြီးကြပ်မှုကော်မတီက သစ်တိုကန်ကျေးရွာအုပ်စု သစ်တိုကန်ရွာ ရွာဦးကန်တော်ကြီးကျောင်းမှာ ဒေသခံတွေ စိုးရိမ်ပူပန်နေတာကြောင့် ပြန်လာသူတွေကို စစ်ဆေးတာ၊ ဒေသခံတွေကို အသိပညာပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
သတင်း- ကိုလင်း(ချောက်)