ညောင်ပင်သာမြို့၌ နဝမတန်းကျောင်းသား ၁ ဦး ရေနစ်သေဆုံး
DVB
·
January 30, 2020
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲစခန်းအပိုင်မှာ ဇန်နဝါရီ ၂၉ ရက်မွန်းလွဲပိုင်းက နဝမတန်းကျောင်းသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၀၇ အနီးရှိ နွေစပါးစိုက်ပျိုးဖို့အတွက် ရေပေးတဲ့ အကျယ် ၂၅ ပေအနက် ၁၅ ခန့်ရှိ မြောင်းအတွင်း သူငယ်ချင်းတွေနဲ့ ရေဆင်းကူးရာ ကနေ ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူက "နေ့ခင်း ထမင်းစားကျောင်း လွှတ်ချိန်မှာ ညနေပိုင်းကျောင်းကို ပြန်မလာဘဲသွားပြီး ရေကူးကြတာ။ သူငယ်ချင်းတွေနဲ့ သွားကူးတာပါ။ မြောင်းကလည်း နွေစပါးအတွက် ရေလွှတ်ထားတဲ့မြောင်းပါ။ အခုတော့ အလောင်းကို ညောင်ပင်သာဆေးရုံကို ပို့ထားတယ်။ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။"လို့ ပြောပါတယ်။
သေဆုံးသူဟာ ညောင်ပင်သာအထက်ကျောင်းမှာ နဝမတန်း တက်ရောက်နေတဲ့ မောင်ကျော်သီဟဖြစ်တယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)