A d v e r t i s e m e n t With Us

မိုင်းလားတွင် ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ကုန်ဈေးနှုန်းများမြင့်တက် 

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားနယ်မြေထဲမှာ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဂယက်ကြောင့် ရောင်းဝယ်မှုကျဆင်းပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။ အရင်ကတရုတ်ဘက်ခြမ်းကလာတဲ့ ဈေးသည်တွေ၊ ခရီးသွားဧည့်သည်တွေနဲ့ စည်ကားနေတဲ့ မိုင်းလားမြို့ဟာ အခုတော့ ခြောက်ကပ်နေပြီး ကုန်ဈေးနှုန်းတွေလည်း မတန်တဆ မြင့်တက်နေတယ်လို့ မိုင်းလားဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။  “အရင်တုန်းက မိုင်းလားဘုရားတောင်ပေါ်မှာ လာလည်တဲ့လူတွေအပြည့်ပဲ၊ အခုဆို ဘယ်သူမှ မရှိဘူး။ အရက်ဆိုင်၊ ဘားဆိုင်၊ ကာရာအိုကေဆိုင်၊ အပျော်အပါးဆိုင်တွေ တိတ်နေတယ်။ ဈေးထဲမှာလည်း  ခြောက်ကပ်ကပ်ဖြစ်နေတာ လေးငါးရက်လောက်ရှိပြီ။ ဟင်းသီးဟင်းရွက်တွေလည်း ဈေးတက်ကုန်တယ်။ ဥပမာ မုန်ညှင်းဆို အရင်က ၁ စီးကို ၂ ယွန်၊ အခုက ၄-၅ ယွန်၊ မှိုဆိုရင် အရင်က ၅ ယွန်ကို ၂ ထုတ်ရတယ်။ အခုက ၁ ထုတ်ကို ၅ ယွန်၊ အဆိုးဆုံးက နှာခေါင်းစွပ်တွေ၊ ဒီကလူကြီးတွေက အပြင်ထွက်ရင် နှာခေါင်းစွပ်ရမယ်လို့ ပြောထားတော့ လူတိုင်းဝယ်ရတာလေ၊  အရင်က အစွပ် တစ်ခုကို ၁ ယွန် အခုက ၅ ယွန်ထိပေးရတယ်။” အခုလို မိုင်းလားမှာ လူခြေတိတ်ပြီး ကုန်ဈေးနှုန်းတွေကြီးရတာကတော့ တရုတ်နှစ်သစ်ကူးမို့ တရုတ် ဘက်ကမ်း ကလူတွေ ပြန်ကုန်ကြတာနဲ့ ကူးစက်ရောဂါကြောင့် တရုတ်ဘက်က သွားလာခွင့် ပိတ်ထားလို့ ပြန်ဝင်လာလို့မရသလို လာရောက်လည်ပတ်သူတွေမရှိတော့တာကြောင့် ဖြစ်ပါတယ်။ မိုင်းလားဈေးထဲက ရောင်းကုန်တွေဟာ ၃ ပုံ ၂ ပုံက တရုတ်ဘက်က တင်သွင်းတာ ဖြစ်ပါတယ်။ မိုင်းလားမှာအခုလို ကုန်ဈေးနှုန်းတွေ တက်သွားတာနဲ့ ပတ်သက်ပြီး ကုန်သည်တွေအနေနဲ့ ကုန်ပစ္စည်းတွေအလုအယက်ဝယ်ယူပြီး သိုလှောင်တာမပြုဖို့၊ ပစ္စည်းပြတ်တာကို အခွင့်ကောင်း ယူပြီး ကုန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုဖို့နဲ့ မလိုက်နာရင်အရေးယူမယ်လို့  မိုင်းလား ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဗဟိုဈေးအုပ်ချုပ်ရေးရုံးကသတိပေး ထုတ်ပြန်ထားပါတယ်။ သတိပေးချက်အတိုင်း မလိုက်နာတာကိုတွေ့ရှိရင် မိုင်းလားဒေသ အခွန်ဦးစီးဌာန ဖုန်းနံပတ် ၁၄၇၈ ၈၀၆၆၆၉၅၊ စီးပွါးရေးလုပ်ငန်းဌာန ၁၃၅၇၈၁၃၅၁၂၃၊ နမ့်ပမ်းဒေသဆွတ်လွေ ပူးပေါင်း စစ်ဆေးရေးဂိတ် ၁၅၀၁၂၁၅၄၀၄၉၊ အခွန်ဦးစီးဌာနခွဲ ၁၈၀၀၈၈၁၂၁၂၉၊ မိုင်းလားဗဟိုဈေး အုပ်ချုပ်ရေးရုံး ၁၅၈၁၂၁၆၆၆၆၁၊ ၁၅၈၉၄၃၃၆၆၆၉ ကို တိုင်ကြားနိုင်တယ်လို့လည်း အသိပေး ကြောညာထားပါတယ်။  မိုင်းလား အထူးဒေသ ၄ ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတည်ရှိပြီး ဦးစိုင်း လင်းဦးဆောင်တဲ့ PSC/NDAA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဟာ ၁၉၈၉ ခုမှာ အစိုးရနဲ့ အပစ်ရပ်စာချုပ် ချုပ်ပြီးတဲ့နောက် ၂၀၀၈ အခြေခံဥပဒေအရ မိုင်းလား၊ ဆီလူး၊ နမ့်ပန်း စတဲ့ မြို့နယ် ၃ ခုကိုစုစည်းပြီး အထူးဒေသ ၄ အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up