Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
January 30, 2020
အပတ်စဉ် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိ ဝုဒ်အက်ရှင်ဒရာမာအမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ The Rhythm Section ! ဒီကားကိုတော့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Paramount Pictures က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Reed Morano က ရိုက်ကူးပုံဖော်ပေးထားတာပါ။ ဒီရုပ်ရှင်ထဲမှာတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က လေယာဉ်ပျက်ကျမှုတခုကြောင့် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး Stephanie Patrick အကြောင်းကို ရှုစားကြရမှာဖြစ်ပြီး အဲဒီလေယာဉ်ပျက်ကျခဲ့မှုဟာ သာမန်သွေးရိုးသားရိုးဖြစ်စဉ်တခုမဟုတ်ပဲ လုပ် ကြံမှုတခုဖြစ်နေတာကို သိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဒါကို လက်တုံ့ပြန်ဖို့ Stephanie တယောက် ဘယ်လို Mission တွေနဲ့ တရားခံကို စုံစမ်းဖော်ထုတ်မလဲ ဆိုတာတွေကို အက်ရှင်အပစ်အခတ်ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ The Age of Adaline ၊ The Shallows၊ A Simple Favor စတဲ့ ရုပ်ရှင်ကားတွေနဲ့ ပရိသတ်တွေသိကြတဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Blake Lively၊ ဝါရင့်သရုပ်ဆောင်မင်းသား Jude Law နဲ့ Sterling K. Brown တို့က အဓိက ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြ ကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြ ချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၀၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဇန်နဝါရီ ၃၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည် ကြီးမင်းသား ဂျက်ကီချန်းပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်ကားတကားဖြစ်တဲ့ Vanguard ! ဒီကားကိုတော့ ဟောင်ကောင်ရုပ်ရှင်ဒါရိုက်တာ Stanley Tong က ရိုက်ကူးပုံ ဖော်ပေးထားတာဖြစ်ပြီး China Film Group Corporation (CFGC) ကနေ ဖြန့်ချိပေးထားတာပါ။ Vanguard ဆိုတာကတော့ ကြေးစားစစ်ပြန်တွေ၊ အထူးလုံခြုံရေးသမားတွေနဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်တွေ၊ တာဝန်ရှိသူတွေရဲ့ အထူးလုံခြုံရေး တာဝန်ယူဝန်ဆောင်မှုပေးနေတာပါ။ ဒီတခါမှာတော့ အင်အားကြီးတဲ့ ကြောက်စရာကောင်းတဲ့ စစ်ဘက်ကြေးစား အဖွဲ့အစည်းတခုရဲ့ ပစ်မှတ်တခုဖြစ်လာပြီး အသက်အန္တရာယ်နဲ့ ကြုံတွေ့လာရတဲ့ ငွေစာရင်းကိုင်တယောက်ကို ကာကွယ်ဖို့၊ လွတ်မြောက်အောင် လုပ်ဆောင်ရဖို့ ဖြစ်လာချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရဦးမလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ဟောင်ကောင်မင်းသားကြီး ဂျက်ကီချန်းနဲ့အတူ သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Yang Yang၊ Miya Muqi တို့ကလည်း ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ မန်ဒရင်းနဲ့ အင်္ဂလိပ်ဘာသာစကားတွေ အသုံးပြုထားခဲ့ပြီး ထိုင်ဝမ်၊ ယူအေအီးနဲ့ ဒူဘိုင်းစတဲ့ နေရာတွေမှာ ရိုက်ကူးထားတာပါ။ ကြာမြင့်ချိန် ၁၀၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ နိုင်ငံတကာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ကတည်းက ရုံတင်ပြသနေပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသနေတာမို့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။  မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပေါ့ပ်စတား  တေလာဆွစ်ဖ်အကြောင်း မှတ်တမ်းရုပ်ရှင်-Miss Americana ! ဒီကားကိုတော့ အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Lana Wilson က ရိုက် ကူးပုံဖော်ပေးထားခဲ့ပြီး Tremolo Productions ကနေ တင်ဆက်လိုက်တာပါ။ သီချင်းအသစ်တပုဒ် ထွက်လိုက်တိုင်းမှာ ထူးခြားဆန်းပြားတဲ့ တင်ဆက်မှုတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ တေလာဆွစ်ဖ်ရဲ့ ဘဝဇာတ်ကြောင်းဟာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အသက် ၁၄ နှစ်အရွယ်မှာ Sony Entertainment နဲ့ စာချုပ် ချုပ်ဆိုခဲ့ရတဲ့ အသက်အငယ်ဆုံး Artist တယောက်ဖြစ်လာခဲ့ပြီး ၁၅ နှစ်အရွယ်မှာတော့ Record ရ Country Music Singer တယောက်အဖြစ်နဲ့ အောင်မြင်လာခဲ့တာ ဖြစ်ပေမယ့် သူဖြတ်သန်းရတဲ့ ဘဝတလျှောက် အနိုင်ကျင့် ဗိုလ်ကျခံခဲ့ရတာတွေ၊ ကဲ့ရဲ့ ပြစ်တင်ရှုံ့ချခံခဲ့ရတာတွေကြားက ဘယ်လိုရုန်းထွက်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့သလဲ၊ အဲဒီအောင်မြင်မှုနောက်ကွယ်မှာရော ဘာတွေရှိနေမလဲ၊ ဒါတွေကို  ဒီရုပ်ရှင်ထဲမှာ တေလာဆွစ်ဖ်ရဲ့ ဘဝတစိတ်တပိုင်း ရုပ်ပုံလွှာအနေနဲ့ ဘယ်လိုရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားရဲ့ Title - Miss Americana ကတော့ တေလာဆွစ်ဖ်ရဲ့ သီချင်း တပုဒ်ဖြစ်တဲ့ “Miss Americana & the Heartbreak Prince” ထဲကနေ ယူထားတာပါ။ သူဟာ လူမှုရေးလုပ်ငန်းတွေဖြစ်တဲ့ ကလေးသူငယ် စာတတ်မြောက်ရေး၊ သဘာဝ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးချို့တဲ့နေတဲ့ ကလေး သူငယ်တွေအတွက် အကျိုးပြုအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားနေသူတဦးလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ Miss Americana Trailer ကို ယူကျုဘ်ပေါ်မှာ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ “Only the Young” အမည်နဲ့ သူကိုယ်တိုင်ရေးတဲ့ သီချင်း သစ်တပုဒ်ကိုလည်း ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၈၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့  Sundance Film Festival မှာ ကနဦးပြသခဲ့ပြီး ပရိသတ်တွေ စိတ်ဝင်စားမှု ရရှိနေတာပါ။ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထွက်ရှိလာတော့မယ့် Miss Americana ရုပ်ရှင်ကိုတော့ Netflix မီဒီယာကော်ပိုရေးရှင်းကနေတဆင့် ပရိသတ်တွေက ရှုစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ၁၉၈၈-၉၀ ပြည့်နှစ်ကာလ ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို အခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ မြန်မာရုပ်ရှင်-သောင်း တိုက်ကကြားစေသား ! ဒီရုပ်ရှင်ကားကတော့ ပန်းချီရုပ်ပြ မိုးကြိုးရဲ့ ဇာတ်လမ်းကို ဖိုးသာအောင်က ဇာတ် ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ထွန်းအောင်ဇော်က ရိုက်ကူးပုံဖော်ပေးထားပြီး ပန်းသခင်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်ထားပါတယ်။ ဒီကားထဲမှာတော့ ၁၉၈၈-၉၀ ပြည့်နှစ် ဝန်းကျင်ကာလ ဖြစ်ရပ်မှန်တချို့ကို အခြေခံပြီး ဆရာဝန်တဦးရဲ့ ကျင့်ဝတ်နဲ့ စိတ်ထားတွေကို Highlight လုပ်ပြီး ရုပ်ရှင်အနေနဲ့ တင်ဆက်ထားတာ ဖြစ်ပါတယ်။ ခေတ်စနစ်တခုရဲ့ ကြေးမုံပြင်အဖြစ်နဲ့ အပြောင်းအလဲမှာ ကိုယ့်အသက်ကို မမှုဘဲ စတေးခဲ့တဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ဘဝတွေကို ပရိသတ်တွေက အချစ်၊ အလွမ်း၊ ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ရန်အောင်၊ လူမင်း၊ မယ်လိုဒီတို့နဲ့အတူ မြတ်သူကျော်၊ ပြေဇင်၊ ခြူးလေးစတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ ဒီကားကို ၂၀၁၆ ခုနှစ်က ရိုက်ကူးခဲ့ပြီး လက်ရှိအချိန်မှာမှ ရုံတင်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။    လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားကို လာမယ့် ဇန်နဝါရီ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ ပရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိ ဝုဒ်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ The Assistant ! ဒီရုပ်ရှင်ကိုတော့ ဟောလိဝုဒ်အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Kitty Green က ရိုက် ကူးပုံဖော်ပေးထားတာဖြစ်ပြီး Bleecker Street ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိပေးသွားမှာပါ။ #MeToo လှုပ်ရှားမှုလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက အမျိုးသမီးတွေကို လုပ်ငန်းခွင်ထဲ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုအဖြစ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုအဖြစ် သိကြပြီး ဖြစ်မှာပါ။ ဒီကားထဲမှာတော့ Jane ဆိုတဲ့ ကောင်မလေးတယောက်ဟာ ကောလိပ်ကနေ သိပ်မကြာသေးခင်ကမှ ကျောင်းပြီးထားခဲ့ပြီး ရုပ်ရှင်ထုတ်လုပ်သူတယောက် ဖြစ်လာဖို့ မျှော်မှန်းထားခဲ့တာပါ။ အဲဒီနောက်တော့ သူဟာ Assistant တယောက်အနေနဲ့ လုပ်ငန်းခွင်ထဲ ဝင်ရောက်ခဲ့ချိန်မှာတော့ တခြားသော Assistant တွေ နည်းတူ ရုံးထဲမှာ ကူညီလုပ်ကိုင်ပေးရတဲ့ အလုပ်တွေအပြင် ထင်မှတ်မထားတဲ့ အလွဲသုံးမှုတွေ၊ လိင်ပိုင်းထိပါးနှောင့်ယှက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ တခြားဘက်ခြမ်းကို တွေ့လာခဲ့ရချိန်မှာတော့ ဘာတွေ ကြုံတွေ့လာရမလဲ။ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒီအခြေအနေ အဖြစ်အပျက်တွေနဲ့အတူ အနိမ့်အမြင့်၊ အတက်အကျ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယေလိုပုံဖော်ထားမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အမေရိကန်သရုပ်ဆောင်မင်းသမီး Julia Garner က ခေါင်းဆောင် ပါဝင်ထားခဲ့ပြီး သူနဲ့အတူ တခြားနာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Matthew Macfadyen ၊ Kristine Froseth ၊ Makenzie Leigh နဲ့ Noah Robbins တို့ကလည်း ပါဝင်ထားကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၈၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ ပရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လယ် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လယ် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တနင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည်ထုတ်လွှင့်ပြသပေးနေပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီးတော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024