အကျင့်ပျက်ဝန်ထမ်းများကို အရေးယူပေးရန် ပန်းတနော်ဒေသခံ ၂၅၀ ခန့် ဆန္ဒပြ
DVB
·
January 30, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့မှာ ဇန်နဝါရီ ၂၉ ရက်မနက်က အကျင့်ပျက် ဝန်ထမ်းတွေကိုအရေးယူပေးဖို့အတွက် ဒေသခံတောင်သူ ၂၅၀ ခန့်က ဆန္ဒဖော်ထုတ်ကြပါတယ်။
မြေယာပိုင်ဆိုင်လုပ်ကိုင်ခွင့် ပုံစံ ၇ နဲ့ ပုံစံ ၁၀၅ ပိုင်ဆိုင်ခွင့်တွေကို အတုလုပ်ပေးတာ၊ အင်းချောင်းတွေမှာ ငါးကန်တူးတာကို အရေးမယူတာ၊ တောင်သူတွေကို ပုဒ်မအမျိုးမျိုးနဲ့ မတရားသဖြင့် တရားစွဲဆိုနေတာတွေနဲ့ ပတ်သက်ပြီး မြို့နယ်မှာရှိတဲ့ အကျင့်ပျက် မြေ စာရင်းဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်သူ တောင်သူ ဦးစိုးနိုင်က "ကျနော်တို့ ဒေသက ရေမြုပ်ကွင်းဒေသဖြစ်တဲ့ အတွက် နွေစပါးကို အားကိုးနေရတာပါ၊ ဒါကို တာဖို့ခွင့်၊ ငါးကန်လုပ်ခွင့်မရှိတဲ့ နေရာတွေမှာ ဌာနဆိုင်ရာကလူတွေနဲ့ ပေါင်းပြီးတော့ စာရွက် စာတမ်းအတုတွေကိုင်ဆောင်ပြီး တောင်သူတွေကို အနိုင်ကျင့်တရားစွဲဆိုနေတာကို နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ဥပဒေနဲ့အညီ စောင့်ရှောက်ပေးဖို့နဲ့ တရားမျှတမှုရရှိဖို့အတွက် တောင်းဆိုချင်တာပါ "လို့ ပြောပါတယ်။
ဒေသခံတောင်သူတွေလုပ်ကိုင်နေတဲ့ လယ်မြေတွေ ရေမရရှိတော့တဲ့အတွက် ဧက ၁၂၀ ကျော်ကို ၆ ပေ ၇ ပေနီးပါး တာလာပိတ်တဲ့ လုပ်ငန်းကို တိုင်ကြားလို့ ထွေအုပ်ရုံးမှာ ရှင်းတဲ့အခါ ပုံစံ ၇ ပုံစံ ၁၀၅ တွေဟာ မြေစာရင်းဦးစီးဌာနက ဦးစီးအရာရှိဖြစ်သူက သူ့လက်မှတ်မပါဘဲနဲ့ အတုပြုလုပ် ထားတွေဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ ဆန္ဒဖော်ထုတ်သူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပန်းတနော်မြို့နယ် မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးသောင်းထွန်းက "အဓိကအကြောင်းအရင်းကတော့ ငါးနဲ့ စပါးနဲ့ ဖြစ်တဲ့အပိုင်းတွေပေါ့ ငါးနဲ့ စပါးဆိုတာ ဆန့်ကျင် ဘက်ဖြစ်နေတာပေါ့။ ခုလိုဖြစ်လာတဲ့အပေါ်မှာလည်း ကျနော်နဲ့ မြို့နယ်အုပ်ချုပ်မှူးတို့ ကွင်းဆင်း စစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်၊ သူတို့ တင်ပြနေတဲ့ ပုံစံ ၇ ပုံစံ ၁၀၅ အတုတွေလုပ်တယ် ဆိုတာကိုလည်း စစ်ဆေးဆောင်ရွက်နေပါတယ်။ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီဖြစ်သွားမှာပါ၊ တကယ်လုပ်ခဲ့တယ်ဆိုရင် စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူသွားမှာပါ "လို့ ပြောပါတယ်။
ဆန္ဒဖော်ထုတ်တဲ့ တောင်သူတွေက ပန်းတနော်မြို့တွင်း စီတန်းလှည့်လည်ကာ အကျင့်ပျက်ဝန်ထမ်းများ အရေးယူပေးရေး၊ ပုံစံ ၇ နဲ့ ပုံစံ ၁၀၅ အတုပြုလုပ်တဲ့ ဝန်ထမ်းတွေကို အမြန်ဆုံးအရေးယူပေးရေးနဲ့ ဥပဒေကျော်လွန်လုပ်ဆောင်နေသော ဝန်ထမ်းတွေကို အလိုမရှိ စတဲ့ ဗွီနိုင်းဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
မင်းထက်မုန်း (ပုသိမ်)