ဝူဟန်တွင် ပိတ်မိနေသည့် မြန်မာကျောင်းသား ၆၀ကျော်ကို အထူးလေယာဉ်ဖြင့်ပြန်ခေါ်မည်
DVB
·
January 30, 2020
ကိုရိုနာဗိုင်းရပ်စ်စတင်ပျံ့နှံ့ဖြစ်ပွာနေတဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသူကျောင်းသား ၆၃ ယောက်ကို အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပြီလို့နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဇန်နဝါရီ ၃၀ ရက်မနက်က သတင်းထုတ်ပြန်ပါတယ်။
ဒီအတွက်လိုအပ်တဲ့ လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်၊ ဆင်းသက်ခွင့်ရရှိရေး၊ ကျောင်းသားများပြန်လည်ခေါ်ယူနိုင်ရေးအတွက် တရုတ်အစိုးရနဲ့ သံတမန်လမ်းကြောင်းကနေ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
မြန်မာကျောင်းသားတွေကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူပြီးပါက ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု ရှိမရှိ ကျန်းမာရေး စောင့်ကြပ် စစ်ဆေးမှုတွေကို စနစ်တကျပြုလုပ်သွားဖို့လည်း စီစဉ်ထားတယ်လို့ဆိုပါတယ်။
ဝူဟန်မြို့က မြန်မာကျောင်းသားတွေရောက်ရှိလာပါကထားရှိနိုင်ဖို့ မန္တလေးမြို့ ၆၂ လမ်း က ကန်တော်နဒီ ဆေးရုံမှာ သီးသန့် ပြင်ဆင်တာတွေပြုလုပ်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။
ပြန်လာမယ့်သူတွေဟာ ရောဂါကူးစက်ခံရသူတွေမဟုတ်ဘဲ စောင့်ကြည့်ရမယ့် အခြေအနေသာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့လည်းဆိုပါတယ်။
ဒီကနေ့မနက်အထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရသူပေါင်း ၇၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး သေဆုံးသူအရေအတွက်ကတော့ တရုတ်နိုင်ငံ တနိုင်ငံထဲမှာ အယောက် ၁၇၀ ထိရှိနေပြီဖြစ်ပါတယ်။