Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ အနာကြီးရောဂါပပျောက်ရေး စီမံဆောင်ရွက်နေ
Aung Aung Naing
·
January 29, 2020
မြန်မာနိုင်ငံ အနာကြီးရောဂါခံစားရသူများအသင်း (MAPAL)နဲ့ The Laprosy Mission Myanmar တို့ ပူးပေါင်းပြီး ၂၀၂၀ ကမ္ဘာ့အနာကြီးရောဂါနေ့ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်နေ့က မန္တလေးမြို့ Wison Hotel မှာ ပထမအကြိမ် ကျင်းပပါတယ်။ မြန်မာနိုင်ငံတဝန်း အနာကြီးရောဂါ တိုက်ဖျက်နိုင်ဖို့ မဟာဗျူဟာ ၅ နှစ်စီမံကိန်းကို ချမှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ လုံးဝပပျောက်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ အနာကြီးရောဂါတိုက်ဖျက်ရေး စီမံကိန်းမန်နေဂျာ ဒေါက်တာ မျိုးကိုကိုဇော်က ပြောပါတယ်။ အခုလို အနာကြီးရောဂါ တိုက်ဖျက်ရေးစီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၅ နှစ်တာကာ စီမံကိန်းသတ်မှတ်ကာ ၂၀၂၃ ခုနှစ်မှာ အနာကြီးရောဂါ လုံးဝပပျောက်စေပြီး ကိုယ်ခန္ဓာ ချို့ယွင်းမှု လုံးဝ မရှိစေဖို့နဲ့ ခွဲခြားဆက်ဆံမှု လုံးဝမရှိစေဖို့ ပထမဆုံးအကြိမ် ဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနာကြီးရောဂါခံစားရသူများအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက “အနာကြီးရောဂါ ဖြစ်ပွားလာပါက လွဲမှားတဲ့ဆေးကုသမှုကို ရှောင်ကျဉ်စေလိုတယ်။ တည့်မတ်တဲ့ ဆေးကုသမှု ခံယူရန်လိုအပ်တယ်။ အနာကြီးရောဂါဆိုတာဖြစ်ခဲ့ရင် ပျောက်လွယ်တဲ့ ရောဂါဖြစ်ပြီး ကုသလို့ရပြီး ဆေးရှိတဲ့ ရောဂါလည်းဖြစ်တယ်။ အဲဒါကြောင့်လည်း အနာကြီးရောဂါသည်တွေကိုလည်း ခွဲခြားဆက်ဆံမှုတွေမပြုကြဖို့ နွေးထွေးလက်တွေနဲ့ကမ်းလင့်ကြိုဆိုပြီး တွဲခေါ်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ”လို့ ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အနာကြီးရောဂါကုသဆေးကို အခမဲ့ပေးဝေနေပြီး ဆေးတွေ အခမဲ့လာရောက်ထုတ်နိုင်တယ်လို့လည်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ အနာကြီးရောဂါ ဖြစ်ပွားမှုနှုန်း ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူးနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ အဖြစ်အများဆုံးဖြစ်ပြီး ဆေးမှတ်တမ်းတွေအရ တနှစ်ကို လူနာသစ်အဖြစ် စာရင်းပေးသွင်းဆေးကုသခံနေရသူ ပေါင်း ၂၀၀၀ နဲ့ ၃၀၀၀ ကြားအထိရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024