ကြေးနီစီမံကိန်းရှိ တရုတ်နိုင်ငံသားများတွင် ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ မတွေ့ရ
Aung Ko Latt
·
January 29, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြန်မာ-ယန်စီ ကုမ္ပဏီရဲ့ စံပယ်ကြေးစင် ကြေးနီသတ္တုတွင်းက လတ်တလောရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတွေမှာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ မတွေ့ရှိရဘူးလို့ ဇန်နဝါရီ ၂၉ ရက်နေ့က သွားရောက် စစ်ဆေးခဲ့တဲ့ တိုင်းကျန်းမာရေး ဦးစီးဌာန အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ကြေးနီစီမံကိန်းကို တရုတ်နိုင်ငံသားတွေ ဝင်ရောက်လာတယ်ဆိုတာနဲ့ပတ်သက်လို့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေပါဝင်ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်တဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြခဲ့ကြတာပါ။
အဲဒီအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်တို့ ဦးဆောင်ကာ ဒေသခံလွှတ်တော်ကိုယ်စားလှယ် တွေ၊ ဌာနဆိုင်ရာတွေနဲ့ ကုမ္ပဏီအတွင်းကို ဝင်ရောက်ပြီး စစ်ဆေးမှုခဲ့ကြတာပါ။
သွားရောက်စစ်ဆေးခဲ့တဲ့ စစ်ကိုင်းတိုင်းကျန်းမာရေးဦးစီးဌာန အဖွဲ့ခေါင်းဆောင် ဒေါက်တာ ကျော်သူဆွေက “၂၅ ယောက်စစ်တာမှာ သံသယလက္ခဏာတွေ့တဲ့သူ မရှိပါဘူး။ သူတို့က ကြိုပြီးတော့ခွဲထုတ်ထားပြီးသားပေါ့။ ဒီလူတွေကို ကျနော်တို့ WHO ရဲ့ လမ်းညွှန်ချက်အတိုင်း စစ်လိုက်တယ်။ စစ်လိုက်တော့ သံသယလက္ခဏာဖြစ်တဲ့ ချောင်းခြောက်ဆိုးတာ၊ ၃၈ ဒီဂရီစင်တီ ဂရိတ်အထက် ဖျားတာ၊ အသက်ရှုကြပ်တာ၊ နှာစေးတာ အဲလို သံသယလက္ခဏာတွေ တယောက်မှ မတွေ့ရဘူးပေါ့။ လက္ခဏာမပြရင်တောင် ဝူဟန်ကပြန်ခဲ့တာ ၁၄ ရက်အတွင်း စောင့်ကြည့်ခိုင်းတာ။ အခုက ဝူဟန်က လာတဲ့ဟာတွေက ၂၈ ရင်တောင် ကျော်သွားပြီ။ ပိုပြီးစိတ်ချရအောင်တော့ သူတို့ကတော့ သီးသန့်ခွဲထုတ်ထားဦးမှာပါ"လို့ ပြောပါတယ်။
ယန်စီကုမ္ပဏီကို လတ်တလော ဝင်ရောက်လာသူတွေထဲက ပထမ ၂၂ ယောက်မှာ ၂ ယောက်က ဇန်နဝါရီ ၂၂ ရက်နေ့က ချန်ဒူးမြို့ကနေ တိုက်ရိုက်ရောက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာလကုန်ပိုင်းက ဝူဟန်မြို့ကနေ ရောက်ရှိလာသူ ၃ ဦးလည်း ပါဝင်ပါတယ်။ နောက်ထပ် ရောက်ရှိတဲ့ ၃ ယောက်ကတော့ တခြားမြို့တွေကဖြစ်ပါတယ်။
လတ်တလောမှာတော့ အဲဒီ ၂၅ ယောက်လုံးကို စခန်းနံပါတ် ၃ မှာ ထားရှိထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ တရုတ်နို်ငငံသားတွေကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်တွေ စစ်ဆေးရာမှာလည်း အထောက်အထားခိုင်လုံတာကို တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း တရုတ်အများစုရှိတဲ့ အခုလို ကြေးနီစီမံကိန်းတင်မက အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့က ဝင်ပေါက် ထွက်ပေါက်တွေမှာလည်း အပူချိန်တိုင်းတဲ့ကိရိယာတွေနဲ့ ကြပ်မတ်စစ်ဆေးနေပါတယ်။ ယန်စီကုမ္ပဏီထဲကို ဝင်ရောက်စစ်ဆေးရာမှာတော့ မီဒီယာအများစု ဝင်ရောက်သတင်းရယူခွင့် မပေးခဲ့ပါဘူး။