Home
မြန်မာသတင်း
ပုသိမ်မြို့တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်၊ လူ ၂၀၀၀၀ ကျော် ဆန္ဒပြုလက်မှတ်ထိုးတောင်းဆို 
DVB
·
January 29, 2020
အခြေခံပညာကျောင်းတွေရဲ့စာသင်ချိန် တိုးမြှင့်သတ်မှတ်တဲ့အပေါ် ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ လက်မှတ်ထိုးဆန္ဒဖော်ထုတ်တာကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ အ.လ.က ၁ (ထခွဲ)ကျောင်းရှေ့မှာ မနေ့ညနေက ပြုလုပ်ခဲ့ပါတယ်။ ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ လက်မှတ်ထိုးဆန္ဒဖော်ထုတ်မှုမှာ ကျောင်းဆရာ ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေအပြင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေလည်း ပါဝင်လာပြီး ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဦးဆောင်ပြုလုပ်သူ အခြေခံပညာရေးလုပ်သားများသမဂ္ဂက ဗဟိုကော်မတီဝင် ကိုဖြိုးဝေအောင်က “ပညာရေးဝန်ကြီးဌာနက စာသင်ကာလတိုးမြှင့်သတ်မှတ်လိုက်တာနဲ့ စာမေးပွဲအချိန်ကာလတွေ ပြင်ဆင်လိုက်တဲ့အပေါ်မှာ အောက်ခြေမှာ လုပ်ဆောင်နိုင်ဖို့ အခက်အခဲတွေ မိဘတွေရဲ့ အခက်အခဲတွေဖြစ်ပေါ်လာတဲ့အတွက် ပြန်လည်ပြင်ဆင်သတ်မှတ်ပေးဖို့ ကျနော်တို့ ခုလိုလုပ်ရတာပါ”လို့  ပြောပါတယ်။ ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ လက်မှတ်ထိုးဆန္ဒဖော်ထုတ်တာတွေကိုတော့ တိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ်မှာပြုလုပ်ခဲ့ပြီး လက်မှတ်အရေအတွက် ၂၀၀၀၀ နီးပါးကောက်ခံရရှိထားပြီးလို့ အခြေခံပညာရေးလုပ်သားများသမဂ္ဂက ဗဟိုကော်မတီရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ကန့်ကွက်လက်မှတ်ထိုးတဲ့မူလတန်းပြဆရာတဦးက ”ပညာရေးကို ပိုပြီးကောင်းစေချင်တယ်၊ အခုပြောနေတာတွေက သိပ်မဆင်မပြေဘူး၊ ကန့်ကွက်နေရတာလည်း မဖြစ်သင့်ဘူးထင်လို့ လုပ်နေတာပါ၊ ဝန်ကြီးဌာနအနေနဲ့လည်း အောက်ခြေက ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ၊ ကျောင်းသားမိဘတွေရဲ့ အခက်အခဲတွေကို နားထောင့်သင့်တယ်လို့ထင်ပါတယ်၊ အောက်ခြေက ဝန်ထမ်းတွေ မိဘတွေရဲ့ အခက်အခဲကို နားမထောင်ဘဲ လုပ်ချင်တာတွေ ဆက်လုပ်နေမယ်ဆိုရင် ဒီစနစ်က သေချာပါတယ် အောင်မြင်မှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။ ပုသိမ်မြို့မှာ ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်တာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို ပုသိမ်မြို့ ပညာရေး ကောလိပ်မှာ ဇန်နဝါရီ ၁၀ ရက်ကပုသိမ်ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းတွေမှာ စာသင်ချိန်ကို မတ်လကုန်ထိ တိုးမြှင့်ဖို့ စီစဉ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှာတာတွေကို ဇန်နဝါရီ လဆန်းပိုင်းမှစတင်ပြီး တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဝန်ကြီး ဌာနအနေနဲ့ ပြုပြင်ပြောင်းလဲတာတွေမရှိတဲ့အပေါ် ဆန္ဒထုတ်ဖော်တာမျိုးတွေပြုလုပ်လာခဲ့ ကြပါတယ်။ ဇန်နဝါရီ ၂၈ ရက်က နေပြည်တော်မှာကျင်းပတဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေချိန်မှာ ရန်ကုန်နဲ့ စစ်ကိုင်းမှာရှိတဲ့ ပညာရေးသက္ကသိုလ်နဲ့ ပညာရေးကောလိပ်က ကျောင်းသားတွေ ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024