သက်ကြီးတပ်မတော်သားစစ်သုံ့ပန်း ၂ ဦးကို အေအေ ပြန်လွှတ်ပေး
ဝဏ္ဏခွာညို
·
January 29, 2020
တိုက်ပွဲအတွင်းမှာဖမ်းဆီးရမိထားတဲ့ တပ်ကြပ်အဆင့်ရှိ တပ်မတော်သား ၂ ဦးကို ရက္ခိုင့်တပ်တော် (အေအေ)က ဇန်နဝါရီ ၂၈ ရက်ရက် နေ့လယ် ၁၂ နာရီလောက်က ပြန်လွှတ်ပေးလိုက်ပါတယ်။
ပြန်လွှတ်ပေးလိုက်သူ ၂ ဦးကတော့ တပ်ကြပ် ဦးမောင်ထွေး ကိုယ်ပိုင်နံပတ်- တ/ ၉၂၁၅၀၄ အသက် (၄၉) နှစ်နဲ့ တပ်ကြပ် ဦးဇော်ဇော် ကိုယ်ပိုင်နံပတ် တ ၂၆၀၀၆၂ အသက် (၅၃) နှစ်တို့ ဖြစ်ကြတယ်လို့ အေအေ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုကခက “သူတို့နှစ်ယောက်က ကျန်းမာရေးလည်း မကောင်းဘူး။ အသက်ကလည်းကြီးဆိုတော့ လူသားချင်းစာနာတဲ့အနေနဲ့ လွှတ်ပေးတာပါ။ ပလက်ဝမြို့နယ် ကင်းသလင်းကျေးရွာက ရပ်မိရပ်ဖတွေနဲ့၊ ရွာလူကြီးတွေကိုအပ်နှံခဲ့ပြီးမှ ကောင်းကောင်းမွန်းမွန်ပဲ ပြန်လွှတ်လိုက်တာပါ။ ခရီးစရိတ်အနေနဲ့ မြန်မာကျပ်ငွေ ငါးသောင်းစီထုတ်ပေးလိုက်ပါတယ်။”လို့ ပြောပါတယ်။
အဆိုပါ စစ်သုံ့ပန်းနှစ်ယောက်ကို ၂၀၁၉ နိုဝင်ဘာ ၁၉ ရက်နေ့က ပလက်ဝမြို့နယ်ရဲ့ အထက်ပိုင်းပကာဝကျေးရွာအနောက်ဘက်တောင်တန်းမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားချိန် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ပြန်လွှတ်ပေးလိုက်သူ နှစ်ဦးဟာ တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၁၃ တပ်ရင်းကဖြစ်ပြီး အေအေ ဖမ်းဆီးရရှိခဲ့တဲ့ တပ်မတော်သား စစ်သားသုံ့ပန်း ၁၃ ဦးထဲက နှစ်ဦးဖြစ်တယ်လို့ အေအေသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကျန်တဲ့ စစ်သုံ့ပန်း ၁၁ ဦးကိုတော့ ဆက်ပြီးတော့ ထိမ်းသိန်းထားမယ်လို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူက ခိုင်သုခကဒီဗွီဘီကိုပြောပါတယ်။
နိုင်ငံရေးနဲ့ဆက်စပ်ပြီး ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထားတဲ့ ရခိုင်ပြည်သူတွေနဲ့ အေအေတပ်ဖွဲ့ဝင်တွေကို အစိုးရဘက်က လွှတ်ပေးပါက ကျန်တဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးမယ်လို့ အေအေအဖွဲ့က တတိယအကြိမ် ကြေညာချက်ထုတ်ပြန် ကမ်းလှမ်း လိုက်ပါတယ်။