Home
မြန်မာသတင်း
မူးယစ်ဆေးဖမ်းသည့် ရွာအုပ်ချုပ်ရေးတာဝန်ရှိသူများကို တရားခံက နိုင်လွတ်လုံဥပဒေဖြင့် တရားပြန်စွဲ
DVB
·
January 28, 2020
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အုံးဇုန်းကျေးရွာအုပ်စု၊ ကမ်းပါးနီကျေးရွာမှာ မူးယစ်ဆေးသုံးစွဲတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတချို့ ကို တရားခံအမျိုးသမီးက နိုင်လွတ်လုံ ဥပဒေနဲ့ ပြန်လည်တရားစွဲဆိုခဲ့တဲ့အတွက် ဖမ်းဆီး ခံနေရပါတယ်။ ၂၀၁၇ ခုနှစ်က ကမ်းပါးနီကျေးရွာမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့သတင်းရရှိတဲ့အတွက် အဲဒီအချိန်က ကျေးရွာအုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးထွန်းဦး၊ ရာအိမ်မှူး ဦးမျိုးမင်းစော၊ ဆယ်အိမ်မှူး ဦးလှပေါ၊ မီးသတ်တပ်ဖွဲ့ဝင်ဦးမြင့်နိုင်နဲ့ ဦးသန်းထွန်းအောင်တို့ တွေ့ဆုံဆွေးနွေးကာ နယ်မြေအပိုင်ရဲကင်းမှူးကို ဖုန်းဆက်အကြောင်းကြားခဲ့ရာမှာ အချိန်အတော်ကြာတဲ့အထိ ရဲတပ်ဖွဲ့ဝင်တွေ ရောက်မလာတဲ့အတွက် မူးယစ်ဆေးသုံးစွဲနေတဲ့ ဒေါ်ထားနွယ်ဦးအိမ်ကို ၎င်းတို့ငါးဦးထဲ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ ဖမ်းဆီးရာမှာ မူးယစ်ဆေးသုံးစွဲတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား တပြား တွေ့ရှိရတဲ့အပြင်သုံးစွဲထားတာကို တွေ့ရှိရတဲ့အတွက် ပြစ်မှုကျူးလွန်သူ ဒေါ်ထားနွယ်ဦးဟာ  အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ငါးနှစ် ကျခံခဲ့ရပါတယ်။ ဒိနောက်မှာ ဒေါ်ထားနွယ်ဦးက ဖမ်းဝရမ်းမပါပဲ  သူ့နေအိမ်ထဲဝင်ရောက် ဖမ်းဆီးခဲ့သူ ငါးဦးထဲက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဦး၊ ရာအိမ်မှူး ဦးမျိုးမင်းစော၊ မီးသတ်တပ်ဖွဲ့ဝင်‌တွေ ဖြစ်တဲ့ ဦးမြင့်နိုင်နဲ့ ဦးသန်းထွန်းအောင် တို့ လေးဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပုဒ်မ(၁၀)နဲ့ ပြန်လည်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ တရားစွဲဆိုခဲ့တဲ့အတွက် ၂၀၁၉ခုနှစ် ၁၁လပိုင်းမှာ သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဦးထွန်းဦးပါသုံးဦးကို ဖမ်းဆီးခဲ့ပြီး ရာအိမ်မှူး ဦးမျိုးမင်းစောကတော့ ခရီးလွန်နေခဲ့လို့ ဖမ်းဆီးမခံခဲ့ရပါဘူး။ ဒီအမှုဟာ အာမခံမရရှိတဲ့အတွက် ဦးထွန်းဦးပါ သုံးဦးကို သပိတ်ကျင်းရဲစခန်းမှာ ချုပ်နှောင်ထားရပါတယ်။ ဖမ်းဆီးခံထားရတဲ့ မီးသတ်တပ်ဖွဲ့ဝင် ဦးသန်းထွန်းအောင်ရဲ့ ဇနီး ဒေါ်ကေသီ က "သပိတ်ကျင်းစခန်းမှူးလို့ ပြောတာပဲ။ မြို့နယ်မှူး၊ စခန်းမှူး အဲလိုပြောတာ‌။ ကျနော် မြို့နယ်မှူးပါပေါ့ ၊ ညီလေးရှင်းလို့ရတယ် ခဏလိုက်ခဲ့ဦးဆိုပြီးတော့ ခေါ်သွားတာ၊ လာပြီးတော့ ခဏပဲ ဒါဖြေရှင်းလို့ရပါတယ်ဆိုပြီးတော့ ခေါ်သွားတာ၊ ဘာကိစ္စလဲဆိုတော့ ဆေးပြားတစ်ပြား ဖမ်းပေးထားတဲ့ ကိစ္စပေါ့ ၊ နိုင်လွတ်လုံနဲ့ လာစွဲတာ ရှင်းလို့ရတယ်ဆိုပြီး ခေါ်သွားတာ၊ အမျိုးသား မရှိတဲ့အတွက် အခက်အခဲတော့ရှိတာပေါ့နော်။ ကိုယ်ဝန်ကလည်း အခုကိုးလပြည့်လာပြီ၊ ကျောင်းသားကလည်းနှစ်ယောက်ရှိတယ်လေ။ တယောက်က အဆောင်ထားတာ ၊ တယောက်က ရှစ်တန်း၊ အငယ်လေးကသုံးတန်း၊ ကိုယ်ရပ်ရွာအတွက်လည်း လုပ်တာပေါ့နော်၊ အမှန်တရားအတွက် ဖြစ်လို့လည်း ဟိုကလည်း ထောင်လည်းကျသွားပြီ။ အဲ့ဒီတော့ ခုလက်ရှိကျတော့လည်း ကိုယ့်မိသားစုလည်း အခက်အခဲဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ကူညီနိုင်မယ်ဆိုရင် အမြန်ဆုံး လွတ်အောင် ကူညီစေချင်တယ်ပေါ့"လို့ ပြောပါတယ်။ နေအိမ်ဝင်းထဲ ဝင်ရောက်ဖမ်းဆီးခဲ့သူတွေကို တရားစွဲဆိုရာမှာ ‌မူးယစ်တရားခံရဲ့ ယောက္ခမဖြစ်တဲ့ ဆယ်အိမ်မှူး ဦးလှပေါကိုတော့ တရားစွဲဆိုခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ မီးသတ်တပ်ဖွဲ့ဝင် ဦးမြင့်နိုင်ရဲ့ ဇနီး ဒေါ်ရီစန်းက "မပါဘူးဆိုတာက သူ့ယောက္ခမမို့လို့ ပယ်ထားခဲ့တာလား။ ဘယ်လိုသဘောလည်းတော့ မသိဘူးပေါ့။ ဖမ်းစဉ်တုန်း ကတော့ သူက သူတို့ချောင်မှာတော့ ဆယ်အိမ်ခေါင်းပဲလေ၊ သူမပါလို့ရှိရင် ဝင်မရဘူး။ သူ့ကို ခွင့်တောင်းပြီးမှ သူရော သူ့ချွေးမအိမ်မှာပါလာခဲ့တယ်။ အဲ့လိုကွက်ချန်ထားခဲ့တာတော့ မကောင်းဘူးပေါ့။ ဒီလူတွေကို အမြင်ကပ်တဲ့ပုဒ်မနဲ့ လုပ်တဲ့သဘောမျိုးကျသွားပြီလေ၊ ဒီလိုမှန်တာ လုပ်ရဲ့သားနဲ့ ဖမ်းခံရတာတော့ မကောင်းဘူးပေါ့။ အမြန်ဆုံးတော့ သူတို့သုံးယောက်ကို အပြင်ဘက်ရောက်စေချင်တာပေါ့"လို့ ပြောပါတယ်။ မူးယစ်ဆေးပပျောက်ဖို့အတွက် ပြည်သူတွေလည်း ပူးပေါင်းပါဝင်ကြဖို့ နိုင်ငံတော် သမ္မတရဲ့ ညွှန်ကြားချက်တွေလည်းရှိပြီး တာဝန်ရှိသူတစ်ဦးအနေနဲ့ ဥပဒေအရ ဆောင်ရွက်ခဲ့တာကို ယခုလို ပြန်လည်တရားစွဲဆိုခံနေရတာဟာ မတရားဘူးလို့ ဖမ်းဆီးခံထားရတဲ့ ကမ်းပါးနီကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဦးရဲ့ ဇနီး ဒေါ်မိငယ်က ပြောပါတယ်။  "ဥပဒေကလည်း ထုတ်ပြန်ထားတာပေါ့နော် သမ္မတကြီးကလည်း ထုတ်ပြန်ထားတယ်။ ဒီလူတွေ ဖမ်းလို့ ရတယ်ပေါ့ ပြည်သူလူထုကနေပြီး၊ ခုက ပြည်သူလူထုမဟုတ်ပါဘူး။ အုပ်ချုပ်ရေးမှူးရော ဖမ်းတာပါ၊ အုပ်ချုပ်ရေးမှူးလည်းပါတယ်။ မီးသတ်တွေလည်းပါတယ်။ ဆယ်အိမ်မှူးရော၊ ရာအိမ်မှူးရော ပါတာပါ့၊ ဒါကိုပဲ သူတို့ဘက်ကနေ တရားစွဲတာပေါ့။ နိုင်လွတ်လုံပုဒ်မနဲ့ တရားစွဲတာ။ နိုင်လွတ်လုံဆိုတာလည်း ကျမတို့လည်း မသိဘူး။ ဘယ်လိုဟာလည်း ဆိုတာတော့၊ သူတို့ဘက်ကတော့ နိုင်လွတ်လုံ ပုဒ်မနဲ့ပဲစွဲတယ်လို့ ပြောတာပါ" ကျန်ခဲ့တဲ့ မိသားစုတွေအနေနဲ့ အခက်အခဲတွေရှိတဲ့အတွက် ဖမ်းဆီးခံထားရသူသုံးဦးလုံး အမြန်ဆုံးလွတ်မြောက်စေချင်တယ်လို့  ကာယကံရှင်မိသားစုဝင်တွေက ဆိုပါတယ်။ အခုလို ဖမ်းဆီးခံနေရတာကို နိုင်ငံတော် သမ္မတနဲ့ တာဝန်ရှိသူတွေထံ တင်ပြခဲ့တာကြောင့် မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းခိုင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က လာရောက်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှုနဲ့ ပတ်သက်လို့ မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းခိုင်က "အဲ့ဒါတော့ ကျနော်တို့က ဖြေလို့မရဘူးနော်၊ မပြီးသေးဘူးဗျနော်။ အဲ့ဒါကျနော်တို့က ဒီဌာနဆိုင်ရာ လျှို့ဝှက်တွေမို့"လို့ ပြောပါတယ်။ ဒီအမှုအတွက် သပိတ်ကျင်းတရားရုံးမှာ ၈ ကြိမ်ရုံးထုတ်ခဲ့ပေမယ့်  တကြိမ်မှ မစစ်ရသေးပါဘူး။ ဒါ့အပြင် တရားလို ဒေါ်ထားနွယ်ဦးဟာလည်း  ထောင်ကျနေတဲ့အတွက် ထောင်ထဲက နေလာပြီး သက်သေထွက်မပေးတာကြောင့် ရုံးချိန်းသုံးချိန်းထိ ပျက်ကွက်ခဲ့ပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024