Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင်စခန်းက တက္ကသိုလ်ကျောင်းသားအချို့ အဆောင်နေခွင့်မရသဖြင့် အခက်ကြုံနေ
ဝဏ္ဏခွာညို
·
January 28, 2020
ရခိုင်စစ်ဘေးရှောင်စခန်းက တက္ကသိုလ်ကျောင်းသားတွေ စစ်တွေတက္ကသိုလ်အဆောင်တွေမှာ နေထိုင်ခွင့်ရဖို့ တာဝန်ရှိသူတွေဆီ တောင်းခံထားပေမယ့် တစုံတရာ အကြောင်းပြန်တာ မရှိသေးလို့ အခက်အခဲဖြစ်နေကြတယ်လို့ စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဘဏ္ဍာရေးမှူး မအေးမြတ်ခိုင် ပြောပါတယ်။ စစ်တွေတက္ကသိုလ်မှာ စစ်ဘေးရှောင်စခန်းတွေကနေ  ကျောင်းလာတက်တဲ့ ဒေး ကျောင်းသား ၆၀ ကျော်ရှိနေပြီး နေရေးထိုင်ရေး အခက်အခဲဖြစ်နေကြတာပါ။ ဒီလို တက္ကသိုလ်ပညာကိုဆက်လက်သင်ကြားဖို့ အခက်အခဲဖြစ်နေကြတဲ့အတွက် တချို့ စစ်ဘေးရှောင်စခန်းတွေမှာနေထိုင်ကြတဲ့ ကျောင်းသားတွေကတော့ ကျောင်းဆက်မတက်တော့ဘဲ အပြင်မှာ ပညာတပိုင်းတစနဲ့ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ကြရတယ်လို့ ဆိုပါတယ်။ အလားတူ စစ်တွေတက္ကသိုလ်မှာ စစ်ဘေးရှောင်စခန်းကနေ လာရောက်ပညာသင်ကြားကြတဲ့ အဝေးသင်ကျောင်းသား ၃၀၀၀ ကျော်ဟာလည်း နေရေးထိုင်ရေး စရိတ်ကြီးမြင့်တဲ့  အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နှစ်စဉ် နှစ်တိုင်းလိုလို  အဝေးသင်ကာလရောက်ရင် စားစရိတ်၊ နေထိုင်စရိတ်နဲ့ ကျူရှင်စရိတ်စတဲ့ နှုန်းထားတွေ မြင့်တက်နေပြီး သာမန်ကျောင်းသားတဦးစီရဲ့ ကုန်ကျစရိတ်ဟာ  ၆ သိန်းကျော်အထိ ကုန်ကျနေတာပါ။ စစ်တွေတက္ကသိုလ်မှာ ရခိုင်ပြည်နယ် မြို့နယ်အရပ်က ကျောင်းလာတက်ကြတဲ့အဝေးသင် တက္ကသိုလ် ကျောင်းသားပေါင်း ၁၄၀၀၀ ကျော်လောက်ရှိပြီး ဒေး တက္ကသိုလ် ကျောင်းသားဦးရေကတော့ ၄၀၀၀ ကျော်လောက်ရှိနေတာပါ။ ရခိုင်ပြည်နယ်မှာ အဝေးသင်ကျောင်းသားတွေအတွက် စစ်တွေတက္ကသိုလ်နဲ့ တောင်ကုတ် ဒီဂရီကောလိပ်တို့ ရှိနေပေမယ့် စစ်တွေမြို့မှာသာ အများစုက လာရောက်သင်ကြားကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024