နယူးကာဆယ်အသင်းကို ရောင်းချရန် ဆွေးနွေးမှု တိုးတက်လာ

နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့က ပေါင်သန်း ၃၄‌၀ နဲ့ ဝယ်ယူဖို့ ဆွေးနွေးမှုတွေဟာ တိုးတက်မှုတွေရှိလာပြီလို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။ ဆော်ဒီ ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (PIF) နဲ့ နယူးကာဆယ်အသင်းပိုင်ရှင် မိုက်ကယ်အက်ရှ်လေတို့ဟာ ဒီဆွေးနွေးမှုကို ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်ကတည်းက တိုးတက်မှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။  ဒီဆွေးနွေးမှုတွေကနေ သဘောတူညီချက် ရရှိနိုင်မှု အနေအထားဟာ ရာခိုင်နှုန်း များပြားနေတယ်လို့ ဒီအကြောင်းအရာနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှုတွေထဲမှာ ရှုပ်ထွေေးမှုတွေ ရှိနေပြီး သဘောတူညီချက်ဟာ အချိန်မရွေး ပျက်ပြားသွားနိုင်တဲ့ ပုံစံမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။ “အက်ရှ်လေဘက်က ရောင်းဖို့လိုနေတဲ့ အနေအထားမှာ မရှိပါဘူး။ ဒါပေမဲ့ သူက ခန့်မှန်းရ ခက်ပါတယ်” လို့ သတင်းရင်းမြစ်တခုက ပြောပါတယ်။ ဘဏ္ဍာရေးနဲ့ စီးပွားရေးလုပ်ငန်းရှင် အာမန်ဒါစတိလေက ပရီးမီးယားလိဂ်အသင်းကို ဝယ်ယူဖို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်ကို စတင်ချဉ်းကပ်ခဲ့တာလို့ ယူဆရပါတယ်။ စတိလေဟာ လွန်ခဲ့တဲ့နှစ်နှစ်က နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ ကြိုးစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ လက်ရှိ ဆွေးနွေးမှုတွေမှာ သူဟာ အရောင်းအဝယ် ဖြစ်ခဲ့ရင် အသင်း ရှယ်ယာရဲ့ ၁၀ ရာခိုင်နှုန်းကို ရယူလိုနေတယ်လို့ ယူဆရပါတယ်။ နယူးကာဆယ်အသင်း ပိုင်ရှင် မိုက်ကယ်အက်ရှ်လေဟာ မကြာခဏဆိုသလို နယူးကာဆယ်အသင်းကို ရောင်းချဖို့ ကြိုးစားခဲ့သူဖြစ်ပြီး ယူအေအီး ဘီလီယံနာ ရှိတ်ခါလတ်ဘင်ဇာယတ်အယ်လ်နာရန် ပိုင်ဆိုင်တဲ့ ဘင်ဇာယတ်အုပ်စုဟာလည်း ပြီးခဲ့တဲ့နှစ်မှာ နယူးကာဆယ်ကို ဝယ်ယူဖို့ သဘောတူညီချက် ရယူနိုင်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပေမယ့် လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ခြင်းတော့ မရှိပါဘူး။  လက်ရှိဆွေးနွေးမှုတွေသာ အောင်မြင်ခဲ့မယ်ဆိုရင် နယူးကာဆယ်အသင်းဟာ ဆော်ဒီ တော်ဝင်မိသားစုရဲ့ နောက်ထပ်ငွေလုံးငွေရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်လာမှာပါ။ နယူးကာဆယ်အသင်းရဲ့ ပြိုင်ဘက် ရှက်ဖီးလ်အသင်းကို ဆော်ဒီမင်းသားတဦးဖြစ်တဲ့ အဗ္ဗဒူလာဘင်မိုဆတ်ဘင်အဗ္ဗဒူလာဇစ် အယ်ဆတ်က ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ဆော်ဒီ ဖျော်ဖြေရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ရဲ့ဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် တာကီအယ်လ်ရှိတ်က စပိန် ဒုတိယတန်းကလပ် အယ်လ်မားရီးယားအသင်းကို ဝယ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ မိုက်ကယ်အက်ရှ်လေဟာ နယူးကာဆယ်အသင်းကို ရောင်းချဖို့အတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့ ခွင့်ပြုချက် လိုအပ်မှာဖြစ်ပြီး ဒီအရောင်းအဝယ်ဟာ နောက်ထပ် အငြင်းပွားမှုတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။ လက်ရှိ ဆွေးနွေးမှုတွေကို ဦးဆောင်နေတဲ့ စတိလေဟာ မန်စီးတီးအသင်းကို ရှိတ်မန်ဆော် ဝယ်ယူနိုင်ဖို့အတွက် ပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သူဖြစ်ပြီး သူဟာ ၂၀၀၈ ခုနှစ်မှာ လီဗာပူးအသင်းကို ပေါင်သန်း ၄၀၀ နဲ့ ဝယ်ယူဖို့ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ရဲ့ ကမ်းလှမ်းမှုကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ မိုက်ကယ်အက်ရှ်လေဟာ နယူးကာဆယ်အသင်းကို ပေါင် ၁၃၄ ဒသမ ၄ သန်းနဲ့ ၂၀၀၇ ခုနှစ်မှာ ဝယ်ယူခဲ့သူဖြစ်ပြီး အသင်းပရိသတ်တွေရဲ့ ဆန္ဒပြမှုတွေနဲ့ မကြာခဏ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ အက်ရှ်လေ လက်ထက်မှာ နယူးကာဆယ်အသင်းဟာ နှစ်ကြိမ် တန်းဆင်းခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up