Homeမြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်၌ ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ သင်တန်းများမလုပ်ရန် သတိပေး
ဒီးမော့ဆိုမြို့နယ်၌ ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ သင်တန်းများမလုပ်ရန် သတိပေး
နော်နိုရင်း
·
January 27, 2020
ကယန်းအမျိုးသမီးအစည်းအရုံးက ဦးဆောင်ပြုလုပ်တဲ့ အမျိုးသမီးနှင့်ငြိမ်းချမ်းရေး အလုပ်ရုံ ဆွေးနွေးပွဲကို ခွင့်ပြုချက်တစုံတရာ တောင်းခံခြင်းမရှိတဲ့အတွက် ဒီးမော့ဆို မြို့နယ်အုပ်ချုပ်ရေးမှူး က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို သတိပေးစာ ပေးပို့ထားပါတယ်။
ဇန်နဝါရီ ၂၂ ရက်က ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာမှာ ကယန်းအမျိုးသမီး အစည်းအရုံး(KYWO)က ငြိမ်းချမ်းရေးအတွက် တိုင်ပင်ဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီလိုဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ သင်တန်းတွေပြုလုပ်ရာမှာ အထက်ဌာန အဆင့်ဆင့်ကို ခွင့်ပြုချက်တင်ပြ တောင်းခံသွားဖို့နဲ့ ခွင့်ပြုချက်ရှိမှသာ ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးပွဲအခမ်းအနား၊ ဟောပြောပွဲ၊ သင်တန်းတွေ ပြုလုပ်နေကြောင်း စိစစ်တွေရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ စာရေးကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း နောက်ဆုံးသတိပေးတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က လက်မှတ်ထိုးပြီး သတိပေးစာ ပို့ပေးတာဖြစ်ပါတယ်။
ဒီသတိပေးစာနဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က “အဲဒီ ကယန်း အမျိုးသမီးအစည်းအရုံးက ဒီလိုလုပ်ချင်တယ်။ ၃ ရက်ကြိုတင်လိုက်၊ ကျနော်က ထောက်ခံ တင်ပြလိုက်၊ ရက်ကွက်လည်းထောက်ခံတင်ပြလိုက်၊ ရဲလည်းသဘောတူပါတယ်လို့တင်ပြလိုက် အဲဒါ ဆိုရင် ပေးမယ့်ကိစ္စပဲ။ မပေးဘဲနဲ့တော့ လုပ်လို့မရဘူးလေ။ ကိုယ့်ဘာကိုယ် ကြုံရာကျပန်း လုပ်လို့မှမရတာ။ လုပ်ချင်တယ်ဆိုလို့ရှိရင် လွန်ခဲ့တဲ့ လေးငါးဆယ်ရက်က တင်ပြပြီး ဖိတ်စာ မထွက်ခင်ကတည်းက ပေးလိုက်တော့လေ။ အဲဒါဆိုရင်ကျနော်ကနေ ဆက်တင်ပေးမှာလေ။ အခုက အမှန်က အမှားဖြစ်နေတယ်။ အမှားက အမှန်ဖြစ်နေတယ်။ ကျနော်က အမျိုးသမီးအစည်းအရုံးကို မလုပ်ရဘူးလို့ တားတာတခုမှမပါဘူး။ ရက်ကွက်အုပ်ချုပ်ရေးလည်း ဒီလို လုပ်ထုံးလုပ်နည်းနဲ့ညီအောင် လုပ်ခိုင်းရမယ်ဆိုတာ စဉ်းစားရမယ့်ကိစ္စပဲ။ ဘာလို့လဲဆိုတော့ ခဏခဏဖြစ်နေတာ။”
ကယန်းအမျိုးသမီးအစည်းအရုံးကို မေးမြန်းရာမှာတော့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တာတွေ၊ ငြိမ်းချမ်းရေးနဲ့အမျိုးသမီးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အမျိုးသမီးထု တွေသိအောင် အလုပ်ရုံဆွေးနွေးပွဲလုပ်တာဖြစ်ပြီး အရင်က ခွင့်ပြုချက်တင်လည်း မပေးတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးကိုသာ အသိပေးလုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
“မြလည်းကျေးရွာမှာ လုပ်တယ်။ လုပ်တဲ့အချိန်မှာလည်း ကျမတို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တိုင်ပင်တယ်။ အဲဒီမှာရှိတဲ့ကျေးရွာက လူငယ်တွေနဲ့တိုင်ပင်ပြီးတော့ သူတို့နဲ့ အတူတူလုပ်တယ်။ ကျမတို့ပုံမှန်က ဘယ်နေရာပဲဖြစ်ဖြစ် ကျမတို့ အဲလောက်ထိ အကြောင်းကြားစရာမလိုဘူးပေါ့နော်။ ဒါက အစိုးရပိုင်းဆိုတော့ အကြောင်းကြားရမယ်လို့သူတို့ပြောတာ။ သူတို့က ကျမတို့ကို သပ်သပ်ဖိနှိပ်ချင်လို့ ထုတ်လိုက်တဲ့ဟာပဲ။ အကယ်၍ ကျမတို့ အကြောင်းကြားမယ်ဆိုရင်လည်း ကျမတို့ ဘာလုပ်မလဲဆိုတဲ့ အစီစဉ်တွေ၊ ဘယ်နေ့ဘယ်ရက် ဘာလုပ်သွားမလဲဆိုတာက အစ သူတို့ဆီကို တင်ပြရမယ်။ ပြီးတော့ သူတို့ခွင့်ပြုမှပဲ ကျမတို့လုပ်ရမယ်ဆိုတော့ အဆင်မပြေဘူးလေ။ အဲဒါကြောင့် ကျမတို့က ဒီတိုင်းပဲ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ညှိနှိုင်းတယ်။ ပြီးတော့ အဲလိုပဲ လုပ်သွားတယ်လေ။ ကျမတို့က ပြည်သူလူထုကို အသိပညာပေးတယ်လေ။ ပြည်သူလူထုသိသွားမှာ ကို သူတို့က မလိုလား၊ ကြောက်တာလည်း ဘယ်လိုလဲမသိပေါ့နော်။ ”
ပြီးခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ကရင်နီအမျိုးသမီးအစည်းအရုံးက ဦးဆောင်ပြီး ဘောလခဲမြို့နယ်မှာ ကျား၊မတန်းတူရေးနဲ့ လိင်ကွဲပြားမှုအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးအခမ်းအနားကို ခွင့်ပြုချက်မရှိဘူးဟုဆိုက ရဲတပ်ဖွဲ့က ဖျက်သိမ်းခဲ့ပါတယ်။