Home
မြန်မာသတင်း
မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းရှိ တဲတချို့ဖျက်ဆီးခံရ
ဝဏ္ဏခွာညို
·
January 27, 2020
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် စညှင်းကျေးရွာ ဘောလုံးကွင်းမှာဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင် စခန်းက တဲအိမ်တချို့ဖျက်ဆီးခံရပြီး စစ်ဘေးရှောင်တွေကို စခန်းမှာ မနေဖို့ တပ်မတော်က လာရောက်ဖိအားပေး ပြောဆိုခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေက ဒီဗွီဘီကိုပြောပါတယ်။ ဇန်နဝါရီ ၂၅ ရက် ည ၁၀ နာရီဝန်းကျင်လောက် တပ်မတော်စစ်ကြောင်းတခုက စညှင်းကျေးရွာအတွင်းကို သေနတ်ဖောက်ဝင်လာပြီးနောက်မှာ ဘောလုံးကွင်းမှာဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်း တဲအိမ်တချို့ကို ဝင်ရောက်ဖျက်စီးပစ်ခဲ့တယ်လို့ စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။ စညှင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ အရှင်ဦးသုဝဏ္ဏက “ည ၁၀ နာရီလောက်မှာဖြစ်မယ်။ စစ်သားအင်အား ၁၀၀ ကျော်လောက်ရှိတယ်။ စကုကိုင်းဘက်က လာကြတာ။ စညှင်းကျေးရွာကို ဝင်တာနဲ့ သေနတ်ဖောက်ပြီးတော့ ဝင်လာတယ်။ စခန်းမှာရှိလူတွေ ခေါ်ခိုင်းတယ်။ စုခိုင်းတယ်။ ပြီးတော့ ခေါင်းကိုမဖော်ရဘူး။ ငုံ့ခိုင်းထားတယ်။ ပြီးတော့ တာလဘတ်တွေကို အကုန်ဖြုတ်တယ်။ လွှင့်ပစ်တယ်။ မီးရှို့ပစ်တယ်။ တဲတွေဖျက်ဆီးပစ်တယ်။ ပြီးတော့ ဒီမှာမနေနဲ့၊ အကုန်မင်းတို့ကို သတ်ပစ်မယ်။ အကုန်ထွက်သွားကြလို့ ကြိမ်းမောင်းတယ်။ တပ်မတော်စစ်ကြောင်းမှာပါလာတဲ့ စစ်ကြောင်းမှူးက အခုနေရာမှာ မနေဖို့သာပြောဆိုခဲ့ပြီး ဘာကြောင့်မနေဖို့ဆိုတာကို တိတိကျကျပြောဆိုခဲ့တာမရှိဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။ အဲ့ဒီ စညှင်းကျေးရွာဘောလုံးကွင်း ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်းမှာ အင်းကြင်၊ လေသွင်၊ ဟင်းခရော် ကျေးရွာတွေက ကျေးရွာသား ၃၀၀ ကျော်လောက် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြပြီး ယာယီနေထိုင်နေကြတာ ဖြစ်ပါတယ်။ အဲ့ဒီစခန်းမှာနေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေကို စစ်တပ်က လာရောက်ဖိအားပေးမှုတွေ ရှိနေတာကြောင့် စစ်ဘေးရှောင်တချို့ ကြောက်လန့်ပြီး တခြားနေရာကို ထွက်သွားတာရှိတယ်လို့ စခန်းတာဝန်ခံတွေက ဒီဗွီဘီကို ပြောပါတယ်။ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ရွာထဲကို သေနတ်ပစ်လို့ ဝင်လာတယ်။ ပြီးတော့ ရွာသားတွေစုတယ်။ ဒီမှာမနေဖို့ ခြိမ်းခြောက်တယ်ဆိုတာကတော့ ဒါက တရားဝင်တဲ့နည်းလမ်း မဟုတ်ဘူး၊ ဒါတရားဝင်လမ်းကြောင်း မဟုတ်တာကြောင့် ဒေသခံတွေ အနေနဲ့လည်း တခြားရွေးချယ်စရာလည်း မရှိဘူးလေ။ ဘယ်လို ရွည်ရွယ်ချက်လုပ်တာလဲ မသိဘူး။ မနက်ဖြန်မမြင်ချင်ဘူးဆိုတာတွေပြောဆိုခဲ့ပြီးတော့ ပြန်သွားတာတွေ့ရတယ်။ ဒီလိုဒုက္ခရောက်တဲ့ သူတွေကို လုပ်တာကတော့ တော်တော်ကို အရုပ်ဆိုးတာပေါ့ဗျာ”လို့ ပြောပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းခေါ်ဆိုခဲ့ပေမယ့်  ဖြေဆိုတာမရှိပါဘူး။ စညှင်းကျေးရွာဘောလုံးကွင်းမှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်တွေရဲ့ လတ်တလောအခြေအနေနဲ့ ပတ်သက်လို့ ဘယ်လိုကူညီဆောင်ရွက်လို့ရနိုင်မလဲဆိုတာကို စုံးစမ်းနေတုန်းရှိနေသေးတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၁၀၆,၀၀၀ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) စာရင်းအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024