အဲရစ်ဆင်အပြောင်းအရွှေ့ အဆုံးသတ်တော့မည်ဟု အင်တာပြေ

စပါးကွင်းလယ်ဖန်တီးရှင်း ခရစ္စတီယန်အဲရစ်ဆင်ဟာ မကြာခင်အချိန်အတွင်းမှာတင် အင်တာမီလန်ကစားသမား ဖြစ်လာတော့မယ်လို့ အင်တာမီလန်အမှုဆောင်အရာရှိ ဂူဆက်ပီ မာရော့တာက ပြောပါတယ်။  အဲရစ်ဆင်ရဲ့ အပြောင်းအရွှေ့ဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ အဆုံးသတ်နိုင်တော့မယ်လို့လည်း သူ့ပြောဆိုမှုမှာ ပါဝင်ပါတယ်။  အဲရစ်ဆင်နဲ့ စပါးအသင်းတို့အကြား စာချုပ်ဟာ အခုရာသီကုန်ဆုံးချိန်မှာ အဆုံးသတ်မှာ ဖြစ်ပြီး ဒိန်းမတ် လက်ရွေးစင်ဟာ စပါးအသင်းကနေ ထွက်ခွာတော့မယ်လို့ ကာလရှည် သတင်းကြီးခဲ့သူ ဖြစ်ပါတယ်။  မန်ချက်စတာယူနိုက်တက်ဘက်ကလည်း စိတ်ဝင်စားနေတဲ့ အဲရစ်ဆင်ကို အင်တာမီလန် အသင်းက လက်ဦးမှု  ရယူနိုင်ခဲ့တာ ဖြစ်ပြီး အမှန်တကယ်သာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဒါဟာ အင်တာမီလန်အတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် ကစားသမား ခေါ်ယူမှု ဖြစ်လာမှာပါ။ “အဲရစ်ဆင်လား။ ကျနော်တို့ ဒီကိစ္စကို ဖုံးကွယ်ထားစရာ မရှိပါဘူး။ စပါးအသင်းနဲ့ ဆွေးနွေးနေပါတယ်။ ဒီအပြောင်းအရွှေ့ဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ မာရော့တာက ပြောပါတယ်။  အဲရစ်ဆင်ဟာ စပါးကနေ ထွက်ခွာလိုနေပေမယ့် အသင်းဘက်က သူ့နေရာမှာ အစားထိုးဖို့ ကစားသမား ရှာမတွေ့သေးတာကြောင့် ဒီအပြောင်းအရွှေ့ဟာ ကြန့်ကြာနေရတာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။  အေဂျက်ဇ် ကစားသမားဟောင်း အဲရစ်ဆင်ဟာ စပါးအသင်းကို ရောက်ရှိခဲ့ချိန်ကတည်းက ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ စပါးအသင်းအတွက် ကွင်းလယ်ဖန်တီးရှင်အဖြစ် ပွဲ ၃၀၀ ကျော် ကစားပြီး ၆၉ ဂိုး သွင်းယူပေးခဲ့ကာ ၈၉ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။  ဒါပေမဲ့ အဲရစ်ဆင်ဟာ ဒီရာသီမှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး ပွဲ ၂၀ ကစားထားပြီးချိန်မှာ  နှစ်ဂိုးသွင်းကာ ဖန်တီးမှုလည်း နှစ်ကြိမ်သာ ရရှိထားသူ ဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စပါးအသင်းနဲ့အတူ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့  စပါး ကစားသမားဘဝအတွင်း အကြီးမားဆုံး အောင်မြင်တခု ဖြစ်ခဲ့ပြီးတော့ သူဟာ နယ်သာလန်လိဂ်မှာ ကစားခဲ့စဉ်တုန်းက ဆုဖလား ၃ ခု ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ပိုကောင်းမွန်တဲ့ အောင်မြင်မှုတွေအတွက် စပါးအသင်းကနေ ထွက်ခွာ လိုနေတာဖြစ်ပြီး နည်းပြကွန်တီနဲ့အတူ ဘယ်လို အောင်မြင်မှုတွေ ရယူနိုင်မလဲ ဆိုတာတော့ သူ့အပြောင်းအရွှေ့ကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up