Homeမြန်မာသတင်း
မြေလွတ်၊ မြေလပ်၊ မြေရိုင်း အသုံးချခွင့်ရသူများ မစိုက်ပျိုးပါက ပြန်သိမ်းမည်ဟု မကွေးဝန်ကြီးချုပ် သတိပေး
မြေလွတ်၊ မြေလပ်၊ မြေရိုင်း အသုံးချခွင့်ရသူများ မစိုက်ပျိုးပါက ပြန်သိမ်းမည်ဟု မကွေးဝန်ကြီးချုပ် သတိပေး
DVB
·
January 26, 2020
မကွေးတိုင်းအတွင်း သစ်တောမြေနဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း အသုံးချခွင့်ရရှိထားသူတွေ တကယ်မစိုက်ပျိုးပါက စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြန်လည်သိမ်းယူသွားမယ်လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက သတိပေးလိုက်ပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက ရေနံချောင်းမြို့ မြို့ရှောင်ကွင်းလမ်းတလျှောက်ရှိ သစ်တောမြေနဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း အသုံးချခွင့်ရရှိထားသူတွေ တကယ်စိုက်ပျိုးခြင်းရှိမရှိ ဝန်ကြီးချုပ်က ကွင်းဆင်းစစ်ဆေးစဉ် ဒီဗွီဘီကို ပြောကြားခဲ့တာပါ။
“ကျွန်းစိုက်မယ်၊ လျှော်ဖြူစိုက်မယ်၊ သနပ်ခါးစိုက်မယ်၊ စိန်တလုံးစိုက်မယ် ဘာညာပြောတယ်၊ တကယ်ကွင်းဆင်းစစ်ဆေးကြည့်တော့ စည်းမျဉ်းစည်းကမ်းနဲ့မညီဘူး။ လမ်းမကြီးဘေးနေရာဦး ရောင်းစားဖို့ ကြံစည်နေသူတွေကို စာရင်းရှင်းပြီး ပြန်သိမ်းယူရတာပေါ့။”
၂၀၁၄ ခုနစ်က ရေနံချောင်းမြို့မှာ သစ်တောမြေနဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းကို စိုက်ပျိုးဖို့အတွက် လျှောက်ထားသူတွေကို ဧက ၂၀၀ ကျော်ခွင့်ပြုပေးထားပြီး အခုကွင်းဆင်းစစ်ဆေးတဲ့အခါ အမှန်တကယ်စိုက်ပျိုးတာ ဧက ၄၀ လောက်ပဲရှိတာကြောင့် သေချာစိစစ်ပြီး ပြန်သိမ်းယူမယ်လို့ ဆိုပါတယ်။
သစ်တောမြေနဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းလျှောက်ထားပြီးတော့ တကယ်မစိုက်ပျိုးရင် ပြန်သိမ်းဖို့ ဥပဒေပြဋ္ဌာန်းတာရှိပါတယ်။ ရရှိထားတဲ့သူတွေက သူတို့လျှောက်ထားစဉ် ရရှိထားတဲ့ စိုက်ဧကပေါ်မှာ ၄ နှစ်အတွင်း ပထမနှစ်မှာ ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ ၃၀ ရာခိုင်နှုန်း၊ တတိယနှစ်မှာ ၃၀ ရာခိုင်နှုန်းနဲ့ နောက်ဆုံးနှစ်မှာ ၂၅ ရာခိုင်နှုန်း ခွဲစိုက်ရပါမယ်၊ ၄ နှစ်ပြည့်လို့ စိုက်ပျိုမထားပါက နိင်ငံတော်က ပြန်သိမ်းပါတယ်လို့ မကွေးတိုင်း ရေနံချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။
“ကျနော်တို့နယ်က မိုးခေါင်ရေရှားဒေသဖြစ်တယ်၊ တကယ်စိုက်မယ့်သူတွေကို အားပေးမယ်၊ အခုလိုမြေကိုယူပြီး အခြားနည်းတွေနဲ့ ရောင်းစားမယ်ဆိုရင်တော့ လက်မခံနိင်ပါဘူး၊ ဝန်ကြီးချုပ်ကလည်း ဒီသဘောထားရှိပါတယ်။”
ဝန်ကြီးချုပ်က ကနေ့ ရေနံချောင်းကို ကွင်းဆင်းစစ်ဆေးပြီး နောက်ရက်တွေမှာ မကွေး၊ မင်းဘူးမြို့တွေကို ဆက်လက်ပြီး ကွင်းဆင်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဒီနေ့ ရေနံချောင်းမြို့ကို ကွင်းဆင်းစစ်ဆေးတဲ့အခါ ဝန်ကြီးချုပ်နဲ့အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်မော်ဌေးနဲ့ တာဝန်ရှိသူတွေ ပါဝင်တယ်လို့ သိရပါတယ်။
တင်ရွှေ(မင်းဘူး)