ကုလားမတောင် သစ်တောကြိုးဝိုင်းအတွင်း ကျောက်ထုတ်လုပ်မည့်အပေါ် ဒေသခံများ ကန့်ကွက်
DVB
·
January 26, 2020
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာ၊ ကုလားမတောင် သစ်တောကြိုးဝိုင်း အကွက်အမှတ် ၃၅ မှာ ကျောက်ထုတ်လုပ်မယ့် ကောင်းမြတ်ရည်မွန် ကျောက်မိုင်းကုမ္ပဏီကို ကျေးရွာဒေသခံတွေက ကန့်ကွက်နေကြပါတယ်။
ကျေးရွာအတွင်း ကျောက်မိုင်းလုပ်ငန်း ပြုလုပ်ခဲ့ပါက ဒေသခံတွေ အားထားအသုံးပြုနေရတဲ့ စမ်းချောင်းနဲ့အတူ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိလာနိုင်တာကြောင့် အခုလို ကန့်ကွက်ရတာလို့ ဒေသခံ ဦးစောတင်ဝင်းက ပြောပါတယ်။
အဲဒီကျောက်မိုင်းကုမ္ပဏီကို ၂၀၁၃ ခုနှစ်ကတည်းကစပြီး ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ရာက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျောက်မိုင်းလုပ်ပိုင်ခွင့် ခွင့်ပြုပေးခဲ့တဲ့အပေါ် မွန်ပြည်နယ် သစ်တောအဖွဲ့နဲ့ ဒေသခံတောင်သူတွေ အခုလ ၁၉ ရက်နေ့က ဆင်ရွာကျေးရွာ၊ ရှမ်းကုန်းဘုန်းကြီးကျောင်းအတွင်းမှာ တွေ့ဆုံပွဲတခု ထပ်မံပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေအတွက် လစာပေးအပ်နိုင်ဖို့ အဲဒီလုပ်ငန်းက အခွန်တော်ရရှိမှာ ဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ ကန့်ကွက်မှုတွေ မလုပ်ဘဲ သဘောတူစေချင်တယ်လို့ ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာအတွင်းမှာ ကျောက်ထုတ်လုပ်နေတဲ့ ကျောက်မိုင်းကုမ္ပဏီ ၃ ခုရှိပြီး နောက်ထပ်ကျောက်မိုင်းကုမ္ပဏီတခု ထပ်တိုးလာပါက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပိုမိုဆိုးရွားလာနိုင်တဲ့အတွက် ကန့်ကွက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလူထုတွေ့ဆုံပွဲအပြီးမှာ ကောင်းမြတ်ရည်မွန် ကျောက်မိုင်းကုမ္ပဏီကို ထောက်ခံသူ မရှိဘဲ ဒေသခံ ၁၀၀ ကျော်က ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မွန်ပြည်နယ်အတွင်းမှာ ကျောက်မိုင်း တူးဖော်ခွင့်ရထားတဲ့ ကုမ္ပဏီပေါင်း ၉၁ ခုရှိပြီး ပေါင်မြို့နယ်ထဲမှာ ၂၄ ခု ရှိတယ်လို့ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းဖော်ပြချက်တွေအရ သိရပါတယ်။
ယူမင်းစိုး