ဖြုတ်ပိုးကြောင့် စပါးအထွက်နှုန်းကျသဖြင့် ဝက်လက်မြို့နယ် တောင်သူများ အခက်အခဲကြုံတွေ့
DVB
·
January 26, 2020
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ပြီးခဲ့တဲ့အောက်တိုဘာနဲ့နိုဝင်ဘာလတုန်းက ဖြုတ်ပိုးကျရောက်ခဲ့တာကြောင့်စပါးအထွက်နှုန်း ကျဆင်းခဲ့ပြီး အခက်အခဲ ကြုံနေရတယ်လို့ တောင်သူတွေက ပြောပါတယ်။
၂၀၁၉/၂၀ စိုက်ပျိုးရာသီမှာ မိုးခေါင်တာနဲ့ ဖြုတ်ပိုးပါကျတဲ့အတွက်ကြောင့် အခုရိပ်သိမ်းချိန်မှာ ပိုးကျမှုအနည်းအများအလိုက် တဧကကို စပါးတင်း ၂၀ နဲ့ ၄၀ ကြားမှာသာ ထွက်ရှိတယ်လို့ တောင်သူ ဦးနိုင်မင်းထွန်းက ပြောပါတယ်။
အချို့လယ်သမားတွေဟာ စိုက်ဧကရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဖြုတ်ပိုးကျတဲ့အတွက် ဆေးဖိုး၊ မြေဆီဖိုး နဲ့ ဘဏ်ချေးငွေအတွက် ပြန်လည်ပေးဆပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ လယ် ၇ ဧကခွဲ ပျက်စီးခဲ့တဲ့ ဦးဖိုးထောင်က ပြောပါတယ်။
ဖြုတ်ပိုးကျရောက်မှုနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာတွေအနေနဲ့ ပျက်စီးစာရင်းကောက်ယူရာမှာ နိုင်ငံတော်က နစ်နာကြေးပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ တိတိကျကျ ကောက်ယူစေခြင်တယ်လို့ တောင်သူ ဦးနိုင်မင်းထွန်းက ပြောပါတယ်။
စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မြို့နယ်အတွင်းက ဖြုတ်ပိုးကြောင့် ပျက်စီးဆုံးရှုံးတဲ့စာရင်း တွေ ကောက်ယူပြီးစီးပြီဖြစ်ပေမဲ့ ပျက်စီးလယ်ဧကစာရင်း မေးမြန်းရာမှာ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။။
၂၀၁၈ ခုနှစ်ကလည်း ဝက်လက်မြို့နယ်မှာ သီးနှံပျက်စီးမှု ထောက်ပံ့ငွေနဲ့ ပတ်သက်ပြီး မသမာမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အောင်စံလင်း