ပေါက်မြို့နယ်တွင် ဆရာ၊ ဆရာမများ ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်
DVB
·
January 26, 2020
အခြေခံပညာကျောင်းတွေ စာသင်ချိန်တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဆရာ၊ ဆရာမတွေ ဦးဆောင်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
“ဖဲကြိုးစိမ်းလှုပ်ရှားမှုက မတ်လအထိ ကျောင်းတက်တာကို ကန့်ကွက်တာဆိုသော်လည်းဘဲ အဓိက ရည်ရွယ်ချက်သုံးခု ရှိပါတယ်။ ပထမက တပည့်ကျောင်းသား ကျောင်းသူများဟာ အဓိပ္ပါယ်ရှိ လေးနက်တဲ့ သင်ယူမှုတွေကိုပဲ လုပ်စေချင်ပါတယ်။ ကလေးတွေအတွက် အဓိကရည်ရွယ်တာပါ။ ဒုတိယရည်ရွယ်ချက်ကတော့ ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ပညာရေးဟာ အရှိန်အဟုန်နဲ့ တစိုက်မတ်မတ် ပြေးရင်တောင်မှ တခြားနိုင်ငံတွေမီဖို့ တော်တော်လေးကြိုးစားရမဲ့ အနေအထားမှာ မတည်ငြိမ်တဲ့ မူဝါဒတွေကြောင့် ခရီးဖင့်မှု အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ ပညာရေးမူဝါဒတွေမှာ လေးနက် ခိုင်မာအဓိပ္ပါယ်ရှိတဲ့ မူဝါဒတွေ ပေါ်ထွန်းလာဖို့ ရည်ရွယ်ပါတယ်။ တတိယရည်ရွယ်ချက်ကတော့ ကျနော်တို့ ဆရာ၊ဆရာမတွေက ကိုယ်လုပ်ရမဲ့ အလုပ်ကို ယုံကြည်မှုအပြည့်နဲ့ အားသွန်ခွန်စိုက် လုပ်နိုင်ဖို့ဆိုပြီး တတိယနေရာမှာယူပါတယ်” လို့ အလယ်တန်းပြဆရာ ဦးကောင်းမြတ်ဟိန်းက ပြောပါတယ်။
အဆိုပါလှုပ်ရှားမှုကို ပေါက်မြို့မစျေး တောင်ဘက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမျက်နှာစာမှာ ပြုလုပ်ခဲ့ပြီး တရက်အတွင်း ကန့်ကွက်သူ လက်မှတ် ၅၀၀ ကျော် ရရှိခဲ့ပြီး ပညာရေးဝန်ကြီးရုံး ဝန်ကြီးထံ တင်ပြသွားမယ်လို့ သိရပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာကျောင်းတွေမှာ စာသင်ချိန်ကို မတ်လကုန်ထိ တိုးမြှင့်ခြင်းအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှာတာတွေကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ လဆန်းပိုင်းမှစတင်ပြီး တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ ပြုလုပ်ခဲ့ကြတာပါ။
ကိုလင်း(ချောက်)