“လ” အက္ခရာ ကားတွေ အပ်နှံနိုင်ပြီ
DVB
·
February 26, 2013
ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေး စီမံချက်အရ လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က စပြီး “လ” အက္ခရာ ယာဉ်တွေကို အပ်နှံခွင့်ပြုပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ရထားပို့ဆောင်ရေး ၀န်ကြီးဌာနဟာ ၂၀၁၁ စက်တင်ဘာလကစ အိုမင်းဟောင်းနွမ်းနေတဲ့
မော်တော်ယာဉ်တွေကို အပ်နှံစေပြီး လာအပ်တဲ့ ယာဉ်ပိုင်ရှင်တွေကို ၂၀၀၆ ခုနှစ် အထက် မော်ဒယ်ကား ၁ စီး တင်သွင်းခွင့် ပါမစ်တွေ ထုတ်ပေးခဲ့ပါတယ်။
လက်ရှိ အချိန်ထိ ယာဉ်နံပါတ် အက္ခရာ ၁၃ ခုကို အပ်နှံခွင့်ပေးခဲ့ရာမှာ အစီးပေါင်း ၇ သောင်းခွဲကျော် လာရောက်အပ်နှံပြီးဖြစ်တယ်လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံတာ စပြီးလက်ခံတဲ့ အချိန်က မှတ်ပုံတင်ပြီး မော်တော်ယာဉ်စီးရေ ၃ သိန်း ၇ သောင်းကျော်ရှိရာကနေ ၂၀၁၂ နှစ်ကုန်မှာ ၄ သိန်း ၁ သောင်းနီးပါး ရှိလာပြီး ကားစီးရေ ၃ သောင်းကျော် တိုးပွားလာတယ်လို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။