ဘာစီလိုနာကို  အူဘာမီယန်းပြောင်းရွှေ့မည့်သတင်း အာဆင်နယ်နည်းပြ ပယ်ချ

အသင်းရဲ့အဓိက တိုက်စစ်မှူး ပက်ထရစ် အူဘာမီယန်းဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို အာဆင်နယ်နည်းပြ မီခေးအာတီတာက ပယ်ချလိုက်ပါတယ်။  အူဘာမီယန်းက ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လိုနေပြီး အသင်းနဲ့ စာချုပ်ချုပ်ဆိုရေး ဆွေးနွေေးမှုတွေ စတင်နေပြီလို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ စပိန်သတင်းဌာနတွေက ထုတ်ဖော်ရေးသားခဲ့ပါတယ်။  အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဂါဘွန်တိုက်စစ်မှူးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်ရာသီကုန်ဆုံးချိန်မှာ ပြည့်တော့မှာဖြစ်ပြီး ကစားသမားဟာ သူ့ကစားသမားဘဝ သက်တမ်းမှာ အရေးပါတဲ့ ဖလား ဆွတ်ခူးလိုနေတာကြောင့် အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ပြောဆိုခဲ့တယ်လို့ သတင်းတွေမှာ ရေးသားခဲ့ကြပါတယ်။  ဒါပေမဲ့ အာဆင်နယ် နည်းပြကတော့ ဒီသတင်းတွေကို ပယ်ချလိုက်ပြီး တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းမှာ ပျော်ရွှင်နေပြီး အသင်းကနေ ထွက်ခွာသွားဖို့ အစီစဉ်မရှိဘူးလို့ အခိုင်အမာ ပြောပါတယ်။  အူဘာမီယန်းနဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် မေးမြန်းခြင်းကို အာတီတာက “ပြီးခဲ့တဲ့ တပတ်လောက်က ထင်တယ်၊ ကျနော်နဲ့ သူနဲ့ ဆွေးနွေးခဲ့ပြီးတော့ သူက အသင်းမှာ ပျော်နေတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သတင်းတွေမှာ ရေးသားနေတဲ့ အရာတွေကိုလည်း သူ သဘောမကျဘူးလို့ ပြောခဲ့ပါတယ်။ သူ့အနာဂတ်က အာဆင်နယ်အသင်းမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။ ကျနော် အူဘာ ပြောခဲ့တဲ့ အရာအတွက် ဝမ်းသာမိပါတယ်” လို့ အာတီတာက ပြောပါတယ်။   အာဆင်နယ်နဲ့အတူ အင်္ဂလန်မြေမှာ ခြေစွမ်းပြနေတဲ့ ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ အပြောင်းအရွှေ့တိုင်းမှာ  အာဆင်နယ်က ထွက်ခွာတော့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာလေ့ရှိသူ ဖြစ်ပြီး မကြာသေးခင်ကလည်း ရီးရဲလ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်လာခဲ့ဖူးသူ ဖြစ်ပါတယ်။ အူဘာမီယန်းရဲ့ အခြေအနေကို အတည်ပြုပြီးခဲ့တဲ့နောက်မှာ အာတီတာက လက်ရှိ အပြောင်းအရွှေ့မှာ အာဆယ်နယ်အသင်းဟာ လူခေါ်ဖြစ်ချင်မှ ခေါ်ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။  “အခုချိန်မှာတော့ အသင်းအတွက် ကစားသမားသစ် ခေါ်ဖြစ်၊ မခေါ်ဖြစ်ဆိုတာ ၅၀/၅၀ ပါပဲ၊ ဘာလို့လဲဆိုတော့ ဒီအပြောင်းအရွှေ့ကာလဟာ အရမ်းကို ရှုပ်ထွေးလွန်းပြီး  အသင်းအတွက် တိုးတက်မှုတွေ ယူဆောင်ပေးနိုင်လောက်တဲ့ ကစားသမားမျိုးကိုပဲ ရွေးချယ်ခ ခေါ်ယူသွားမှာ ဖြစ်ပါတယ်” လို့ အာဆင်နယ်နည်းပြက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up