ကွတ်ခိုင်တွင် ကျောင်းဆရာမ ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
January 25, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ဟွေခုတ်ကျေးရွာမှာ အမည်မသိ သေနတ်သမားတဦးက မူလတန်းပြ ကျောင်းဆရာမတဦးအား နေအိမ်အတွင်းဝင်ရောက် ပစ်ခတ်သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
ဇန်နဝါရီ ၂၄ ရက်နေ့ည ၇ နာရီခွဲအချိန်လောက်က အမည်မသိလက်နက်ကိုင်တစ်ဦးက ဟွေခုတ်ကျေးရွာက မူလတန်းပြဆရာမ မမြမွှေးအောင် အသက် ၂၆ နှစ် တည်းခိုတဲ့ နေအိမ်အဆောင်အတွင်း ဝင်ရောက်ပြီး သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခဲ့တာပါ။
ကွတ်ခိုင်မြို့နယ်၊ အင်မိန်းဟိုကျန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခမ်းအိုင်က “ဟွေခုတ်ရွာက ကျောင်းဆရာမ ဒေါ်မြမွှေးအောင် သေနတ်ပစ်ခံရတဲ့အကြောင်းကို ဖြစ်ဖြစ်ပြီးချင်း ရွာကလူကြီးရော၊ တချို့ရွာသားတွေရော ကျနော့်ကို အကြောင်း ကြားလာတယ်။ လက်နက်ကိုင်အဖွဲ့ကလို့ ယူဆရတဲ့ လူက ပစ်သွားတယ်လို့ ပြောတယ်။ ဘယ်အဖွဲ့ကမှန်းတော့ မသိဘူး" လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ကျောင်းဆရာမဟာ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ဟွေခုတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှာ မူလတန်းပြဆရာမ တာဝန်ကို ၂၀၁၅ ခုနှစ်က စတင်ပြီး ဒီကနေ့အထိ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။
ကွတ်ခိုင်မြို့နယ်ရဲစခန်းမှူး၊ ဒုရဲမှူးသန်းဌေးက “အမည်မသိသေနတ်သမားတစ်ဦးက လာပစ်သွားတာ သေချာပါတယ်၊ ကျနော်တို့ဆီမှာ သေနတ်သမားရဲ့ ကျည်ဆန်နဲ့ ကျည်ခွံသိမ်းဆည်းရမိထားပါတယ်၊ လူသတ်မှု ၃၀၂ ပုဒ်မနဲ့ ကျနော်တို့အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်” လို့ ပြောပါတယ်။
ရဲမင်းခေါင်၊ ကိုမိုင်း(ကွတ်ခိုင်)