Home
မြန်မာသတင်း
အဂတိလိုက်စားမှုအညွှန်းကိန်းတွင် မြန်မာ အဆင့် ၂ ဆင့်တိုးတက်လာ
နေလင်းအောင်
·
January 24, 2020
မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေရဲ့အဂတိလိုက်စားမှုအညွှန်းကိန်းမှာ အရင်ကထက်  အဆင့် ၂ ဆင့် တက်လာပေမယ့် အောက်ခြေအဆင့်တွေမှာ အဂတိလိုက်စားမှုကို အစိုးရအနေနဲ့ ထိထိရောက် ရောက်ကိုင်တွယ်ဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့က ၂၀၁၉ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အဂတိလိုက်စားမှုအညွှန်းကိန်း (CPI)မှာ မြန်မာနိုင်ငံက ရမှတ် ၂၉ မှတ်နဲ့ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၀  ရရှိခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ကထက် ၂ ဆင့်မြင့်တက်လာတဲ့အပေါ် သုံးသပ်ပြောဆိုခဲ့တာပါ။ လက်ရှိ အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး အစိုးရ ဝန်ကြီးတွေ၊ တခြားအဖွဲ့ အစည်းက အဆင့်မြင့်တာဝန်ရှိသူတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အရေးယူခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့အောက်ခြေမှာ တချို့အရာတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့လိုတယ်လို့ မြန်မာ့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်းကတော့ မြန်မာနိုင်ငံအနေနဲ့ အဂတိလိုက်စားမှု ၂  ဆင့်တက်လာပေမယ့်လည်း အဲ့ဒီအနေအထားကို အားရကျေနပ်မှုမရှိတဲ့ အကြောင်းနဲ့ လက်ရှိ အစိုးရလက်ထက်မှာ အဂတိလိုက်စားတဲ့ အဖွဲ့အစည်းတွေကို အရေးယူထားပေမယ့် အောက်ခြေ အဆင့်ထိ အရေးယူမှုတွေ လုပ်ဆောင်ဖို့လိုတယ်လို့ ပြောပါတယ်။ အခုလိုအဆင့်တက်လာတာကို ကြိုဆိုပေမယ့်လည်း လူထုအခက်အခဲတွေကို နားစွင့်ပြီး ပွင့် လင်းမြင်သာမှုရှိအောင် လုပ်ဖို့တော့လိုတယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မေသန်းကလည်း ပြောပါတယ်။   အခုနှစ်မှာ မြန်မာနိုင်ငံနဲ့အတူ ဂွာနာ၊ လာအို၊ မော်ဒိုက်၊ မာလီ၊ မက္ကဆီကို၊ တိုဂို စတဲ့နိုင်ငံတွေက ရမှတ် ၂၉ မှတ်နဲ့ အဆင့်  ၁၃၀ မှာ ရပ်တည်နေတာဖြစ်ပါတယ်။ အဂတိလိုက်စားမှုအညွှန်းကိန်းထိပ်ဆုံးမှာတော့ နယူးဇီလန်နဲ့ ဒိန်းမတ်တို့က အမှတ်အများဆုံးနံပတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။  အောက်ဆုံးအဆင့် သုံးနိုင်ငံဖြစ်တဲ့ ဆီးရီးယားက ၁၇၈၊ တောင်ဆူဒန်က ၁၇၉ နဲ့ ဆိုမာလီယာက ၁၈၀ မှာ အသီးသီး ရပ်တည်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024