Live
Home
မြန်မာသတင်း
အလယ်တန်းကျောင်းသားများ မူးယစ်ဆေးဝါးစတင်သုံးစွဲလာ 
DVB
·
January 24, 2020
မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတွေကို လူငယ်တွေအကြားမှာသာမက  အခြေခံပညာကျောင်းတွေရှိ အလယ်တန်းကျောင်းသားတွေကအစ သုံးစွဲလာနေကြပြီလို့ ဒေသခံရပ်မိရပ်ဘတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်လျော့ချရေး နှီးနှောဖလှယ်ပွဲမှ ဇန်နဝါရီ ၂၃ ရက် မနက်က မွန်ပြည်နယ်၊ ရေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမှာ ကျင်းပရာမှာ တက်ရောက်လာသူတွေက ပြောကြားသွားတာပါ။ မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းကွန်ယက်မှ ကိုထွန်းအောင်အောင်က မူးယစ်ဆေးဝါးကို ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနေတဲ့အခြေအနေ၊ သုံးစွဲသူတွေကိုသာ ဖမ်းဆီးမှုများနေတဲ့ အခြေအနေ၊ အခြေခံအလယ်တန်းကျောင်းသားတွေ မူးယစ်ဆေးသုံးစွဲလာနေတဲ့အခြေအနေနဲ့   လူသားအရင်းအမြစ်တွေဆုံးရှုံးပြီး မူးယစ်ဆေးရဲ့သားကောင်ဖြစ်နေရတဲ့ အခြေအနေတွေကို ပြောသွားပါတယ်။ ဒါ့အပြင် နယ်ဘက်ကျေးရွာတွေမှာလည်း မူးယစ်ဆေးသုံးစွဲသူတွေ ပိုမိုများပြားလာနေပြီး အလှူပွဲလုပ်တဲ့အိမ်တွေမှာ လူငယ်တွေ ဘိန်းစားရွက် ဆေးရွက်ရည်နဲ့ သောက်စားနေတာ တွေ့ရလို့ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးအရေးယူရင် ပပျောက်သွားနိုင်တယ်လို့ ရေးမြို့နယ် မွန်လူငယ်ကွန်ယက်အဖွဲ့ဝင်  မသူရိန်မွန်က ပြောပါတယ်။ မွန်ပြည်နယ် ၁၀ မြို့နယ်မှာ ရေးမြို့နယ်က မူးယစ်ဆေးသုံးစွဲတာအများဆုံးဖြစ်ပြီး အများဆုံးက ထိုင်း-မြန်မာ ဘုရားသုံးဆူနယ်စပ်ဘက်က ဝင်ရောက်တာအများဆုံး ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးအရေးယူမှုမှာ သုံးစွဲသူတွေလောက်သာ ဖမ်းဆီးမှုတွေရှိနေတာကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ချိရောင်းချနေသူတွေကို ဒိထက်မက ဖမ်းဆီးသွားဖို့ ဒေသခံ တွေက တိုက်တွန်းပြောပါတယ်။ ရေးမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း မူးယစ်ဆေးဝါး တရားခံပေါင်း ၁၂၄ ဦးဖမ်းမိပြီး ၇၉ မှု တရားစွဲဆိုထားခဲ့သလို စိတ်ကြွဆေးပြားပေါင်း ၁၅၀၀၀ ကျော်၊ အိုက်စ် ၁၆၀၀ နီးပါးသိမ်းဆည်းရမိပြီး စုစုပေါင်း ကျပ်သိန်းထောင်ဂဏန်း လောက်ရှိနေတယ်လို့ ရေးမြို့နယ် ရဲတပ်မှူးရုံးမှတ်တမ်းအရ သိရပါတယ်။ အခု မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်လျော့ချရေး နှီးနှောဖလှယ်ပွဲကို မွန်ပြည်နယ် လွှတ်တော်တိုင်ကြားရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူနဲ့တာဝန်ရှိသူတွေ မွန်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ၊ စိတ်ပါဝင်စားသူတွေပါ တက်ရောက်ခဲ့ကြပါတယ်။ နေမျိုးထွဋ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024