စာသင်ချိန်တိုးမြှင့်မှုအပေါ် ပဲခူးမြို့တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ် ကန့်ကွက်
DVB
·
January 24, 2020
အခြေခံပညာကျောင်းတွေမှာ ကလေးတွေရဲ့စာသင်ချိန်ကို မတ်လကုန်အထိ တိုးမြှင့် သတ်မှတ်လိုက်တာနဲ့ပတ်သက်ပြီး ပဲခူးမြို့နယ် အခြေခံပညာရေးလုပ်သားများသမဂ္ဂနဲ့ ပဲခူး တက္ကသိုလ် ဗကသကျောင်းသားတွေ ဦးဆောင်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ ၂၃ ရက် ညနေက ပဲခူးမြို့ဗိုလ်ချုပ်ကြေးရုပ်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီကာလတွေမှာ သင်ကြားရေးနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေလည်းကုန်ပြီးဖြစ်သလို ဆရာ/ဆရာမတွေအတွက် အခက်အခဲမရှိပေမယ့် ကလေးတွေအတွက်ကတော့ အဆင်မပြေနိုင်ဘူး လို့ ဆိုပါတယ်။
ဒါ့အပြင်ဒီညွှန်ကြားချက်ကို ပညာရေးဝန်ကြီးက ဆရာ/ဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေရဲ့သဘောဆန္ဒကို ထည့်မတွက်ဘဲ သူ့သဘောဆန္ဒတခုတည်းနဲ့ ဆုံးဖြတ်ထားတာဖြစ်တယ်လို့လည်း ပဲခူးမြို့အခြေခံပညာရေး လုပ်သားများသမဂ္ဂက ဆရာဦးလှိုင်မင်းဦးက ပြောပါတယ်။
စာသင်ချိန်ကို မတ်လကုန်လောက်အထိထားမယ်ဆိုရင် အပူရှိန်မြင့်လာတဲ့အတွက် ကလေးတွေအတွက်လည်း အဆင်မပြေသလို ၁၀ တန်းစာမေးပွဲတွေရှိတဲ့အတွက် ဆရာ/ဆရာမအေတွက်လည်း အလုပ်တွေများပြီးကလေးတွေကို ဂရုစိုက်နိုင်မှာမဟုတ်ဘူးလို့လည်း ကျောင်းသားမိဘတွေက ပြောပါတယ်။
ဆရာ/ဆရာမတွေကနေ ကျောင်းသားတွေအတွက် ခုလိုကန့်ကွက်နေတာကို ကျနော်တို့လည်းထောက်ခံတယ်လို့ ပဲခူးမြို့နယ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးမင်းခန့်ကျော်က ပြောပါတယ်။
အဲဒီဖဲကြိုးစိမ်းကန်ပိန်းကို ပဲခူးမြို့ဗိုလ်ချုပ်ကြေးရုပ်မှာ ဇန်နဝါရီ ၂၃ ရက်မှ ၂၄ ရက်အထိ ၂ ရက်ပြုလုပ်မှာဖြစ်ပြီး ကောက်ခံရရှိတဲ့လက်မှတ်တွေကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြသွားမယ်လို့သိရပါတယ်။
အောင်စိုးမိုး