အုပ်ချုပ်ရေးပိုင်းတွင် အမျိုးသမီးများပါဝင်မှု လျော့နည်းနေ
စိုးမိုးအောင်
·
January 24, 2020
အမျိုးသမီးတွေအနေနဲ့ ဥပဒေပြုရေးမှာပါဝင်မှုများလာပေမယ့် အုပ်ချုပ်ရေးပိုင်းပါဝင်မှု အရမ်းလျော့နည်းလာတယ်လို့ မြန်မာ့လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က မူဝါဒရေးရာ အကြီးတန်း ညှိနှိုင်းရေးမှူး ဒေါ်ငုဝါဝင်းက ပြောပါတယ်။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနှင့် ကျားမရေးရာ တန်းတူညီမျှမှု စကားဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက်က ရန်ကုန်မြို့ မာကျုရီဟိုတယ်မှာ ကျင်းပရာမှာ အခုလို ပြောဆိုလိုက်တာပါ။
ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၀ စစ်တမ်းအရ ၂၀၁၇ စစ်တမ်းနဲ့နှိုင်းယှဉ်ရင် အမျိုးသမီးတွေဟာ စီးပွားရေးအခွင့်အလမ်းနည်းလာပြီး ကျန်းမာရေးကဏ္ဍကတော့ အမျိုးသမီးတွေ များလာတယ်လို့ ဒေါ်ငုဝါဝင်းက ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးပိုင်းမှာလည်း ၂၀၂၀စစ်တမ်းအရ အမျိုးသမီးတွေဟာ ဥပဒေပြုရေးပိုင်းမှာ ပါဝင်မှုများလာပေမယ့် အုပ်ချုပ်ရေးပိုင်းမှာ အရမ်းလျော့နည်းလာတယ်လို့ ဆိုပါတယ်။
စစ်တမ်းတွေအရ ပညာရေးကဏ္ဍမှာ အမျိုးသမီး ၈၀ ရာခိုင်နှုန်းကျော်ပါဝင်ပေမယ့် အရေးကြီးတဲ့စီမံအုပ်ချုပ်မှုအပိုင်းမှာ အမျိုးသားတွေသာ အုပ်ချုပ်နေတယ်လို့ပြောပါတယ်။
လက်ရှိ မြန်မာအစိုးရအဖွဲ့ထဲမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး ပြည်ထောင်စုဝန်ကြီးအဆင့်မှာ အမျိုးသမီးပါဝင်မှုက မရှိသလောက် နည်းပါးနေတာဖြစ်ပါတယ်။