မင်းပြားမြို့အနီး အင်အား ၅ ဒသမ ၆ ရှိ မြေငလျင်လှုပ်ခတ်
ဝဏ္ဏခွာညို
·
January 24, 2020
ရခိုင်ပြည်နယ် မင်းပြားမြို့အနီးမှာ ပြင်းအား ရစ်(ခ်)တာစကေး ၅ ဒသမ ၆ ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင် မနေ့ညနေက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၁၈ မိနစ် ၅ စက္ကန့် အချိန်မှာ စစ်တွေမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၃၄)မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း မင်းပြားမြို့ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ အနက် ၇၇ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ဆိုပါတယ်။
ငလျင်လှုပ်ခတ်မှုကို ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့အပါအဝင် မြေပုံ၊ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းစတဲ့ မြို့တွေမှာ သိရှိခံစားခဲ့ရတယ်လို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။