မြန်မာအပေါ် ကြားဖြတ်အစီအမံတချို့ အိုင်စီဂျေတရားရုံးချမှတ်
DVB
·
January 23, 2020
မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး အာဏာကုန်သုံးပြီး လုပ်ဆောင်ဖို့ အပါအဝင် ကြားဖြတ်အစီအမံတချို့ကိုလုပ်ဆောင်ဖို့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) က ဒီကနေ့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။
မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာဖို့ တာဝန် ပျက်ကွက်တယ်ဆိုပြီး အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုင်အိုင်စီ) ကိုယ်စား ဂမ်ဘီယာကစွပ်စွဲထားတာနဲ့ ပတ်သက်ပြီး ဒီကနေ့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က တရားရုံးမှာ တရားသူကြီးတွေက ကြားဖြတ်အစီအမံ အချက် ၄ ချက်ကို သဘာတူ အမိန့်ချမှတ်လိုက်တာပါ။
ကြားဖြတ်အစီအမံတွေထဲမှာ မြန်မာနို်ငငံအနေနဲ့ ဂျီနိုဆိုက်သဘောတူညီချက်ကို လိုက်နာ ရမယ့် တာဝန်တွေကို ဆောင်ရွက်ဖို့၊ မြန်မာအနေနဲ့ ရိုဟင်ဂျာတွေအပေါ် တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ မကျူးလွန်အောင် ဆောင်ရွက်ပေး ဖို့၊ မြန်မာအနေနဲ့ တရားရုံးက ဆုံးဖြတ်ချက်ချတဲ့နေ့စပြီး တရားရုံးကို အစီရင်ခံစာ ၄ လအတွင်း တင်သွင်းဖို့နဲ့ ဂျီနိုဆိုက်အမှုစစ်ဆေးဆဲကာလမှာ ၆ လတကြိမ် အစီရင်ခံစာ တင်သွင်းဖို့တွေ ပါဝင်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို တရားသူကြီး ၁၇ ဦးလုံးက တညီတညွတ်တည်း ဆုံးဖြတ်တာဖြစ်ပြီး နောက်ထပ်ကြားဖြတ်အစီအမံတွေ ချမှတ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် ကြားဖြတ်အစီအမံတွေချမှတ်ရာမှာ ဂမ်ဘီယာဘက်ကနေတောင်းဆိုထားတဲ့ အချက် ၆ ချက်တိုင်း ချမှတ်တာမဟုတ်ကြောင်းလည်း အိုင်စီဂျေ တရားသူကြီးက ပြောသွားပါတယ်။
ဂမ်ဘီယာက တောင်းဆိုထားတဲ့ အချက် ၆ ချက်ထဲမှာတော့ လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက်လို့ယူဆနိုင်တဲ့ ဂျီနိုဆိုက်ကို ဦးတည်စေနိုင်တဲ့ အရာတွေကို မြန်မာအစိုးရက ရပ်တန်ပေးဖို့၊ မြန်မာလက်နက်ကိုင်အဖွဲ့တွေ တခြားလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေက ဂျီနိုဆိုက်ကို ထပ်မကျုးလွန်ဖို့၊ သက်သေအထောက်အထားတွေကို မဖျက်ဆီးဖို့ စတာတွေ ပါဝင်ပါတယ်။
မြန်မာဘက်ကတော့ အမှုကို စာရင်းကနေ လုံး၀ပယ်ဖျက်ဖို့နဲ့ ပယ်ဖျက်မပေးနိုင်ရင် ဂမ်ဘီယာတောင်းဆိုတဲ့ ကြားဖြတ် အစီအမံတွေလုပ် ဆောင်ဖို့ အမိန့်ကို မထုတ်ပြန်ပေးဖို့ အချက် ၂ ချက်ကို တောင်းဆိုထားတာဖြစ်ပြီး ဒီတောင်းဆိုချက်တွေကိုတော့ တရားရုံးက လက်မခံခဲ့ပါဘူး။
အိုင်စီဂျေ အဆုံးအဖြတ်အမိန့် ကြားနာပွဲကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ရှေ့နေတွေ၊ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေကတော့ အိုင်စီဂျေ တရားရုံးကနေ မြန်မာအပေါ် ကြားဖြတ်အစီအမံ ချမှတ်ရင်လည်း ရင်ဆိုင်နိုင်စွမ်းရှိပြီး မချလို့ရှိရင်လည်း နိုင်ပြီလို့ မတွက်ဖို့နဲ့ အမှုက အခုမှ အစပဲ ရှိသေးတယ်လို့ မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ စကားဝိုင်းအစီအစဉ်မှာ ပြောဆိုသွားပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ "အိုင်စီဂျေနဲ့ ပတ်သက်ပြီး ကျနော်တို့က မည်သည့်ဆုံးဖြတ်ချက်မျိုးထွက်လာသည်ဖြစ်စေ ကျနော်တို့က နိုင်ငံတော် အစိုးရရဲ့ ညွှန်ကြားချက်နဲ့အညီ ကျနော်တို့က ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်"လို့ ဒီကနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲအပြီး မီဒီယာတွေကို ပြောပါတယ်။