Home
မြန်မာသတင်း
ပြည်သူ့လုံခြုံရေးခြိမ်းခြောက်သူများကို လက်လွှတ်မထားဟု အတိုင်ပင်ခံပြော
Aung Ko Latt
·
January 23, 2020
ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ မည်သူ့ကိုမဆို လက်လွှတ်ထားမှာ မဟုတ်ဘဲ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်းဒေသကြီးခရီးစဉ် နောက်ဆုံးအနေနဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က တမူးမြို့‌မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာပါ။ ဒီတွေ့ဆုံပွဲမှာ ‌တမူးဒေသခံတဦးက ဒေသတွင်းမှာ လာရောက်ခိုလှုံနေတဲ့ တဖက်နိုင်ငံက ကသည်းလက်နက်ကိုင် အဖွဲ့နဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ တမူးလူငယ်ကွန်ရက်မှ ကိုဆေးထင်က  တောင်းဆိုခဲ့ပါတယ်။ "ကျနော်တို့ဒေသမှာ ကသည်းလက်နက်ကိုင်ဆိုတဲ့ တပ်ဖွဲ့ရှိပါတယ်။ ဒီဟာတွေကြောင့် ပြီးခဲ့တဲ့အချိန်တုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြတာတွေရှိပါတယ်။ ပြီးတော့ CSO တွေကလည်း ၂၀၁၀ ကနေ ၂၀၁၇ ထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစီရင်ခံစာ ထုတ်ခဲ့ပါတယ်။ အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ချက်တွေ ပြညသူလူထုရဲ့သဘောထားတွေကို တင်ပြထားတာတွေရှိပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်မှာ လူငယ်တယောက်ကို ကသည်းလက်နက်ကိုင်တွေကနေ သေနတ်နဲ့ချိန်ရွယ်ပါးရိုက်တယ်။ ပြီးရင် လွှတ်တော်ကိုယ်စားလှယ်အိမ်ထဲကို ဗုံးပစ်ချမှုတွေ ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်တောင် ဒီလိုဖြစ်တယ်ဆိုရင် ကျန်တဲ့ ပြည်သူလူထုရဲ့ နိုင်ငံသားတွေအတွက်က လုံခြုံမှုကင်းမဲ့နေပါတယ်။"  ဒီအပေါ် အတိုင်ပင်ခံက "ဘယ်အဖွဲ့တွေပဲဖြစ်ဖြစ်၊ ဘယ်သူတွေပဲဖြစ်ဖြစ် ပြည်သူပြည်သားတွေရဲ့ လုံခြုံရေးကို စိုးရိမ်အောင်လုပ်ရင် ကျမတို့ လက်လွှတ်ထားလို့ မရပါဘူး။ ပြောရမယ်ဆိုရင် ကျမတို့နိုင်ငံမှာ ပြည်သူအတွက် လုံခြုံရေးပေးမှုမှာတော့ အားနည်းပါတယ်။ ကျမ ဝန်ခံပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့ နှိုင်းယှဉ်ရင် ကျမတို့ရဲ အရေအတွက်က ၅၀ ရာခိုင်နှုန်းတောင် မရှိပါဘူး။ နိုင်ငံ့လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ ဒီလိုနည်းရတာက နံပါတ် ၁ ကတော့ ဖွံဖြိုးတိုးတက်မှုနည်းခြင်းပေါ့။ ရဲအဖွဲ့ထူထောင်တယ်ဆိုတာ ဘဏ္ဍာငွေအပေါ် အများကြီးမူတည်ပါတယ်။ နောက်တခုက ပြည်သူ ပြည်သားတွေရဲ့ ပညာရေးအရ၊ အရည်အချင်းအရ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်သေးတာလည်း ပါပါတယ်။ ဒီ ၂ ခုက ဆက်နွယ်နေပါတယ်။ ဒီ၂ ခုပြည့်စုံမှ ကျမတို့ လုံခြုံရေးအနေအထားကလည်း ပြည့်စုံမှာပါ။ ဆက်ပြီးကြိုးစားနေပါတယ်။ ကသည်းလက်နက်ကိုင်တင်မက ဘယ်သူပဲဖြစ်ဖြစ် ကျမတို့ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုရင် လွှတ်ထားလို့မရပါဘူး။ အတတ်နိုင်ဆုံး လုပ်မှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စစ်ကိုင်းတိုင်းခရီးစဉ်ကို ဇန်နဝါရီလ ၂၁ ရက်ကနေ စတင်ကာ နန်းယွန်း၊ လေရှီး၊ ပင်လည်ဘူး၊ ဗန်းမောက်၊ တမူး စတဲ့မြို့‌တွေကို သွားရောက်ကာ ဒေသခံပြည်သူလူထုနဲ့ တွေ့ဆုံခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်နေ့မှာ ခရီးစဉ် အဆုံးသတ်ခဲ့ပါတယ်။  တွေ့ဆုံပွဲတွေမှာ ဒေသခံတွေရဲ့ တင်ပြတောင်းဆိုလာတဲ့ အခက်အခဲတွေကို ပြန်လည် ဆွေးနွေးခဲ့ပြီး အခုလို တွေ့ဆုံရတာက ပြည်သူတွေနဲ့ ထိတွေ့မှုရှိချင်လို့ဖြစ်ပြီး ဘယ်လောက်ဝေးလံ တဲ့ နေရာပဲဖြစ်ဖြစ်၊ ဘယ်လိုခေါင်တဲ့ နေရာပဲဖြစ်ဖြစ် နိုင်ငံရဲ့ အစိတ်အပိုင်း အားလုံးဟာ တန်းတူညီတူ တန်ဖိုးရှိပါတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။  ခရီးစဉ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုဝန်ကြီးဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူနှင့် ဦးလှမော်ဦး၊ တိုင်းဒေသကြီးဝန်ကြီး‌တွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိသူတွေ လိုက်ပါခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024