ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်ရဲ့ မြို့တော် ဝူဟန်မှာ အဆုတ်နာရောဂါဖြစ်စေတဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်အသစ် ကူးစက်မှု ထိန်းချုပ်ဖို့ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို ဇန်နဝါရီ ၂၃ရက်က စပြီး ပိတ်လိုက်ပါပြီ။ ဒီနေ့မနက်ဆယ်နာရီက စပြီး ဝူဟန်မြို့ကို အဝင်အထွက် လုပ်မယ့် လေဆိပ်တွေ ဘူတာတွေ အားလုံးကို ပိတ်မယ်လို့ ဝူဟန် နမိုးနီးယားကူးစက်မှု ထိန်းချုပ်ရေးဌာနချုပ် က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဘတ်စ်ကား၊ မြေအောက်ရထား၊ ကူးတို့ရေယာဉ်နဲ့ မြို့ပတ် ဘတ်စ်ကား လုပ်ငန်းတွေ အားလုံးကိုပါ ရပ်ဆိုင်းမှာပါ။ ဒေသခံတွေ အထူးအကြောင်းကိစ္စမရှိဘဲ မြို့ထဲကနေ မထွက်ကြဖို့ အစိုးရက အမိန့်ထုတ် ထားပါတယ်။ ဇန်နဝါရီ ၂၃ရက် မနက်ထိ ရထားတဲ့ ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံအတွင်း မြို့နဲ့ ခရိုင်ပေါင်း ၂၅ခုမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၅၇၁ယောက် ရှိကြောင်း အတည်ပြု ပြီးပြီလို့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ပြောထားပါတယ်။  ဇန်နဝါရီ ၂၂ရက်ထိ စာရင်းအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေဟာ ၁၇ယောက်ထိ မြင့်တက်သွားပြီး တခြားလူ ၉၅ ယောက်က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ကော်မရှင်က အစီရင်ခံပါတယ်။ ကူးစက်ခံရသူအများစုက ဝူဟန်မြို့ခံတွေ ဖြစ်ပြီး ကျန်တဲ့လူတွေကတော့ ဝူဟန်ကို သွားရောက်လည်ပတ်ခဲ့ဖူးသူတွေ ဖြစ်တယ်လို့ မီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up