သရက်ကန်ရေနံမှော်၌ တလအတွင်း ၃ ကြိမ်မြောက် မီးလောင်၊ ကျင်းပိုင်ရှင် ၁ ဦး ဒဏ်ရာရ
DVB
·
January 23, 2020
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့ အရှေ့မြောက်ဘက် ၃၀ မိုင်ခန့်အကွာရှိ သရက်ကန်ရေနံ မှော်မှာ မီးလောင်မှုဖြစ်ပွားပြီး ကျင်းပိုင်ရှင် ၁ ဦး ဒဏ်ရာရရှိသွားပါတယ်။
သရက်ကန်ကျေးရွာနေ မြေပိုင်ရှင် ဦးဖိုးခွေးရဲ့ မြေပေါ်မှာ ရေနံတွင်းပိုင်ရှင် ဦးခင်မောင်လွင် ၃၉ နှစ် တူးဖော်နေတဲ့ ရေနံကျင်းကနေ ဂက်စ်၊ ရေနံနဲ့ ရေတွေရောထွက်ကာ အနီးရှိ အင်ဂျင်စက် အိပ်ဇောကမီးပွားနဲ့ ထိတွေ့မိရာက မီးစတင် လောင်ကျွမ်းခဲ့တာလို့ ပေါက်မြို့နယ် မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။
ဇန်နဝါရီ ၂၁ ရက်၊ ညနေ ၅ နာရီကနေ ၂၂ ရက် နေ့လယ် ၁၁ နာရီခွဲအထိ ရေနံတွင်းတစ်တွင်း မီးလောင်ကျွမ်းကာ ၁၈ နာရီလောက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။
ရေနံတွင်း မီးစတင်လောင်ကျွမ်းချိန်မှာ ရေနံတွင်းပိုင်ရှင် ဦးခင်မောင်လွင် ၃၉ နှစ်ရဲ့ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့တယ်လို့ ပေါက်မြို့ မီးသတ်စခန်းမှူး ဦးဟိန်းသူက ပြောပါတယ်။
အခင်းဖြစ်နေရာသို့ ပေါက်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးတိုးချိန်ဦးစီးပြီး ပေါက်မြို့ မီးသတ်တပ်ဖွဲ့၊ ရေပြာမီးသတ်စခန်း၊ မြိုင်မြို့ မီးသတ်တပ်ဖွဲ့၊ ရေခါး မီးသတ်စခန်း၊ လက်ပံတို့ မီးသတ်စခန်းတို့မှ မီးငြိမ်းသတ်ယာဉ် ၈ စီး၊ ပုဂ္ဂလိကပိုင် မီးငြိမ်းသတ်ယာဉ် တစ်စီးတို့နဲ့ မီးသတ်ခဲ့ရကြောင်း သိရပါတယ်။
ရေနံတွင်းမီးလောင်မှုနဲ့ ပတ်သတ်ပြီး ရေနံတွင်းပိုင်ရှင် ဦးခင်မောင်လွင်ကို ပေါက်မြို့နယ် ရေပြာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်။
သရက်ကန်ရေနံမှော်မှာ အခုဇန်နဝါရီ ၈ ရက်နေ့က ရေနံတွင်း နှစ်တွင်း မီးလောင်ခဲ့ပြီး မီးလောင်မှုကို တစ်ရက်ကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရသလို ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ရေနံတွင်း တတွင်း မီးလောင်ကျွမ်းမှုကြောင့် တွင်းလုပ်သား သုံးဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး ခုတကြိမ်ဟာ တလအတွင်း သုံးကြိမ်မြောက် မီးလောင်မှုဖြစ်ပါတယ်။
သတင်း- ကိုလင်း(ချောက်)
ဓါတ်ပုံ- မီးသတ်တပ်ဖွဲ့။