ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် ပတ်သက်သူကို ထောင်ဒဏ် ၂ နှစ်ချ
DVB
·
February 25, 2013
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တရားရုံးက ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးရုံးတင်ထားသူကို ထောင်ဒဏ် ၂ နှစ် စီရင်လိုက်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်စီရင်လိုက်တာ ဖြစ်ပါတယ်။
ဦးမနန်တူးဂျာဟာ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ ပတ်သက်တယ်၊ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇ နဲ့ ငြိစွန်းတယ်လို့ ဆုံးဖြတ်ပြီး စီရင်လိုက်တာလို့ ဇနီးဖြစ်သူ ဒေါ်ရွယ်ဘိုက ပြောပါတယ်။
ဦးမနန်တူးဂျာကို မနှစ် မေလက ဂျမိုင်ကောင် ဒုက္ခသည်စခန်းမှာ ဖမ်းဆီးခဲ့ပြီးနောက် ၉ လအကြာမှာ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ကေအိုင်အေ တပ်တွေက ဦးမနန်တူးဂျာကို တနှစ်လောက် ခေါ်ဆောင်သွားခဲ့ရာကနေ ကေအိုင်အေထံကနေ ထွက်ပြေးလာပြီးတော့ အခုလို အဖမ်းခံရ၊ အမှုရင်ဆိုင်ရတာလည်း ဖြစ်ပါတယ်။
အပြစ်မရှိဘဲ ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပြီး ခင်ပွန်းမရှိတဲ့ အချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။
“မနေ့က ၁၇(၁) အမှုနဲ့ပဲ ချလိုက်တာ။ ကျမတို့က လယ်အငှားလိုက်လုပ်တာ။ ကျမတို့ မိသားစုစုံစုံညီညီနဲ့ ပြန်နေချင်တယ်။ ကျမယောကျာ်း တကယ်မလုပ်ပါဘူး။ ကျမယောကျာ်းကို ဖမ်းသွားတော့ သူမရှိတဲ့အချိန် အခက်အခဲတွေ အများကြီးတွေ့ရတယ်။ သူပဲရှာကျွေးနေတာလေ။”
မိသားစုတွေတောင် ဒုက္ခသည်စခန်းမှာ ကျွေးမွေးထောက်ပံ့မှုအပေါ် မှီခိုနေရတာ ဖြစ်တဲ့အကြောင်းနဲ့ ခင်ပွန်းသည်အတွက် အယူခံဝင်ဖို့ ငွေကြေးမတတ်နိုင်တာကြောင့် အယူခံ မဝင်တော့ဘူးလို့ ဆက်ပြောပါတယ်။
ဦးမနန်တူးဂျာလိုပဲ ဝိုင်းမော်မြို့နယ်က ဦးလထော်ဘရန်ရှောင်ဆိုတဲ့ ကချင်အမျိုးသားတဦး ဟာလည်း ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ပတ်သက်တယ်ဆိုပြီး အမှုရင်ဆိုင်နေရပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား ခရီးစဉ်အတွင်းမှာ သူတို့ ၂ ဦးနဲ့ တွေ့ဆုံခဲ့ပြီးတော့ ဒီလိုဖမ်းဆီးထားတဲ့ အခြေအနေဟာ စိုးရိမ်စရာ ကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။