ပျော်ဘွယ်တွင် ဘုရားမီးအပူလွန်ကဲရာက နေအိမ် ၁၉ လုံး မီးလောင်၊ လူ ၁ ဦး ဒဏ်ရာရ
DVB
·
January 23, 2020
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၊ မန္တလေးတန်းရပ်ကွက်မှာ ဇန်နဝါရီ ၂၁ရက်ညက ဘုရားမီး ပူဇော်ထားတဲ့ ရောင်စုံလျှပ်စစ်မီး အပူလွန်ကဲရာက လူ ၁ ဦး ဒဏ်ရာရသွားပြီး နေအိမ် ၁၉ လုံး မီးလောင်သွားတယ်လို့ ပျော်ဘွယ်မီးသတ်စခန်း ပြောပါတယ်။
ပျော်ဘွယ်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင်က "နေအိမ် ၁၉လုံး မီးလောင်သွားတယ်။ အိပ်ပျော်နေသူ တဦး မီးဟပ်သွားတာ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်။ မီးလန့်ပြီး ရှော့ရသွားသူ ၂ဦးကတော့ သက်သာပါတယ်။ မီးဘေးသင့်ပြည်သူတွေကို မန္တလေးတန်းရပ်ကွက် ဓမ္မာရုံမှာပဲ ယာယီနေရာချထားပါတယ်။ မီးဘေးလာရောက် လှူဒါန်းကြသူတွေကြောင့် အဆင်ပြေပါတယ်"လို့ ပြောပါတယ်။
ပျော်ဘွယ်မြို့ မန္တလေးတန်းရပ်ကွက် အောင်ဆန်းလမ်းနဲ့ မီးရထားလမ်းကြား အမှတ် (၂) လမ်းသွယ်နေ ဒေါ်ယဉ်သိန်းနွဲ့ရဲ့ နေအိမ်ကနေ မီးစလောင်ခဲ့တာဖြစ်ပြီး အိပ်ပျော်နေသူ အသက် ၅၅ နှစ်အရွယ် ဦးဝင်းမောင် မီးဟပ်လို့ အဝတ်အစားတွေ မီးလောင်နေတာကို မီးသတ်တပ်ဖွဲ့က အမြန်ဆွဲထုတ် ကယ်ဆယ်ခဲ့ရပါတယ်။
မီးလောင်ဆုံးရှုံးတန်ဖိုးကျပ် သိန်း ၁၂၀ကျော်ခန့်မှန်းထားပြီး မီးဘေးသင့် အိမ်ထောင်စု ၂၂စု ပြည်သူ ၉၅ ဦးကို ဆွေမျိုးသားချင်းအိမ်နဲ့ မန္တလေးတန်းရပ်ကွက်ရှိ လေးကျွန်းမာန်အောင် ဓမ္မာရုံမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပါတယ်။
မီးဘေးသင့်ပြည်သူတွေကို ဌာနဆိုင်ရာတွေ တပ်မတော်သားတွေ ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေက လာရောက်လှူဒါန်းပေးနေပါတယ်။
အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး ပျော်ဘွယ်မြို့မရဲစခန်းမှာ ဒေါ်ယဉ်သိန်းနွဲ့ကို မီးပေါဆစွာသုံးစွဲမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း