Homeမြန်မာသတင်း
ဂမ်ဘီယာက ကြားဖြတ် အစီအမံ ချမှတ်ပေးရန် တောင်းဆိုတဲ့အပေါ် အိုင်စီဂျေက ယနေ့ ဆုံးဖြတ်ချက်ချမည်
ဂမ်ဘီယာက ကြားဖြတ် အစီအမံ ချမှတ်ပေးရန် တောင်းဆိုတဲ့အပေါ် အိုင်စီဂျေက ယနေ့ ဆုံးဖြတ်ချက်ချမည်
DVB
·
January 23, 2020
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုပြီး ကြားဖြတ် အရေးယူတဲ့ အစီအမံတွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက လျှောက်ထားချက်နဲ့ ပက်သက်ပြီး ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)က ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ဆုံးဖြတ်ချက် ချမှတ်မှာ ဖြစ်ပါတယ်။
မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာဖို့ တာဝန် ပျက်ကွက်တယ်ဆိုပြီး အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုင်အိုင်စီ) ကိုယ်စား ဂမ်ဘီယာက အမှုဖွင့်တာ ဖြစ်ပါတယ်။
ဂမ်ဘီယာဘက် ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ အစီရင်ခံစာနဲ့ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီလီရဲ့ ပေးပို့တဲ့ အချက်အလက်တွေကို အများဆုံး ကိုးကားပြီး အိုင်စီဂျေ တရားရုံးမှာ ဦးတိုက်လျောက်ထား တောင်းဆိုထားတာပါ။
ကြားဖြတ်အစီအမံတွေချမှတ်ပေးဖို့ ဂမ်ဘီယာဘက်ကနေတောင်းဆိုထားတဲ့ အချက် ၆ ချက်ထဲမှာ လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက်လို့ယူဆနိုင်တဲ့ ဂျီနိုဆိုက်ကို ဦးတည်စေနိုင်တဲ့ အရာတွေကို မြန်မာအစိုးရက ရပ်တန်ပေးဖို့၊ မြန်မာလက်နက်ကိုင်အဖွဲ့တွေ တခြားလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေက ဂျီနိုဆိုက်ကို ထပ်မကျုးလွန်ဖို့၊ သက်သေအထောက်အထားတွေကို မဖျက်ဆီးဖို့ စတာတွေ ပါဝင်ပါတယ်။
မြန်မာဘက်ကတော့ အချက် ၂ ချက်ကို တောင်းဆိုထားပြီး အဲဒီထဲမှာ အမှုကို စာရင်းကနေ လုံး၀ပယ်ဖျက်ဖို့နဲ့ ပယ်ဖျက်မပေးနိုင်ရင် ဂမ်ဘီယာတောင်းဆိုတဲ့ ကြားဖြတ် အစီအမံတွေလုပ် ဆောင်ဖို့ အမိန့်ကို မထုတ်ပြန်ပေးဖို့ ဖြစ်ပါတယ်။
အိုင်စီဂျေ အဆုံးအဖြတ်အမိန့်ကို ကြားနာဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ရှေ့နေတွေ၊ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေ နယ်သာလန်နိုင်ငံကို ရောက်ရှိနေပါတယ်။
အိုင်စီဂျေရဲ့ ဒီအမှုအပေါ် ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ဒီဗွီဘီရုပ်သံကနေ ဒီနေ့ နေ့လည် ၂ နာရီခွဲကနေစပြီး တိုက်ရိုက် ဘာသာပြန် ထုတ်လွှင့်ပေးမှာဖြစ်တဲ့အပြင် နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ မြင့်ဇံနဲ့ ဆွေးနွေးသုံးသပ်တာတွေကို တင်ဆက်ပေးသွားမှာပါ။