မန္တလေး အောင်မြေသာဇံမြို့တွင် စက်သုံးဆီဆိုင်ရောင်းချနေမှုကို ကန့်ကွက်
DVB
·
February 25, 2013
မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် သီရိမာလာ အရှေ့ရပ်ကွက် ၂၅ လမ်း၊ ၈၆ နဲ့ ၈၇ လမ်းကြားမှာ စက်သုံးဆီပန့်ဆိုင် ဖွင့်လှစ်ရောင်းချဖို့ စီစဉ်ထားမှုတွေကို ရပ်ကွက်နေ ပြည်သူတွေက ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဆိုင်းဘုတ်တွေ ထောင်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။
သီရိမာလာ အရှေ့ရပ်ကွက်မှာ မီးဘေးအန္တရာယ် ၃ ကြိမ်တိုင် ရင်ဆိုင်ကြုံတွေ့ခဲ့တဲ့အတွက် အခုလို ကန့်ကွက်ခဲ့ကြတာလို့ ပြောပြပါတယ်။
အခုလက်ရှိ အဲဒီဆိုင်မှာ စက်သုံးဆီ လက်လီရောင်းချနေပြီး ပန့်ဆိုင် ဖွင့်လှစ်ရောင်းချဖို့ကိုလည်း ရပ်ကွက်နေပြည်သူတွေကို အသိပေးအကြောင်းကြားတာ မရှိဘူးလို့ ဆန္ဒပြသူ တဦးက ပြောပါတယ်။
“ရပ်ကွက်ကို ဘာမှ အကြောင်းမကြားဘူး၊ အဆောက်အဦ ဆောက်နေတာလည်း အကြောင်းမကြားဘူး။ လောင်စာလှောင်ကန်ကြီးတွေ လုပ်တဲ့နေရာမှာလည်း ညဘက်တွေမှာ လုပ်တယ်။ အဲဒါကို ဘယ်သူမှ မသိအောင် မိုးကာ ကာထားပါတယ်။ ညဘက် ၉ နာရီ၊ ၁၀ နာရီလောက်မှ လုပ်တယ်။”
လူနေစိပ်သော ရပ်ကွက်ဖြစ်ခြင်း၊ မန်းသီရိဈေး၊ ဈေးချိုတော်၊ အ.မ.က ကျောင်း၊ အ.ထ.က ကျောင်းတွေနဲ့ ယာဉ်သွားလာပိတ်ဆို့မှု အများဆုံးနေရာ ဖြစ်တာကြောင့် ရပ်ကွက်နေပြည်သူတွေက စိုးရိမ်နေကြပါတယ်။
စက်သုံးဆီ ပန့်ဆိုင် ဖွင့်လှစ်ဖို့ လုပ်နေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနတာဝန်ရှိသူတွေကိုလည်း စာပို့ တိုင်ကြားထားတယ်လို့ ပြောပါတယ်။
ဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဝဏ္ဏကို မေးမြန်းရာမှာ ဒီဆိုင်ကို ဌာနဆိုင်ရာရဲ့ ခွင့်ပြုချက်ယူပြီးမှ ဖွင့်လှစ်တာလို့ ပြောပါတယ်။
ရပ်ကွက်နေပြည်သူတွေက ကန့်ကွက်နေတဲ့အတွက် ပန့်ဆိုင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်းနဲ့ လက်လီရောင်းတာက နှစ်ပေါင်း ၂၀ ကြာခဲ့ပြီဖြစ်တဲ့အတွက် ဆက်လက် ရောင်းချသွားမယ်လို့ ဆိုပါတယ်။