Homeမြန်မာသတင်း
ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးတွင် ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံပါက အရေးယူမည်ဟု တပ်မတော်ထုတ်ပြန်
ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးတွင် ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံပါက အရေးယူမည်ဟု တပ်မတော်ထုတ်ပြန်
DVB
·
January 22, 2020
ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးမှာ ပြစ်မှုကျူးလွန်တယ်လို့ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ့ရင် စစ်ဘက်တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် အရေးယူသွားမယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE) ရဲ့ အစီရင်ခံစာကို သမ္မတက တပ်မတော်ကို ပေးလိုက်ပြီးနောက်မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်လိုက်တာပါ။
ICOE က သက်သေခံအချက်အလက်တွေ စုဆောင်းရာမှာ တပ်မတော်သားတွေက လိုအပ်တဲ့ ထွက်ဆိုချက်တွေ ပေးခဲ့သလို ICOE ရဲ့အစီရင်ခံစာ မထုတ်ပြန်မီ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ နှောင်းပိုင်းကာလကစလို့ ဂူတာပြင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တရာရုံးကို ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်က နယ်မြေခံတပ်မှာ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
တပ်မတော်အနေနဲ့ ICOE ရဲ့အစီရင်ခံစာပါ တပ်မတော်နဲ့ပတ်သက်တဲ့ အကြုံပြုချက်တွေကို လေ့လာသွားမယ့်အပြင် စစ်ဥပဒေချုပ်ရုံးကလည်း အစီရင်ခံစာ တခုလုံးကို အသေးစိတ် လေ့လာသွားမယ်လို့ ဆိုပါတယ်။
ကြိုတင်ကြံရွယ်ချက်မရှိဘဲ ARSA အဖွဲ့တွေနဲ့ ဒေသရှိသူတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်၊ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် ကွပ်ကဲမှု အဆင့်ဆင့်မှာ မှားယွင်းလုပ်ဆောင်သူတွေကို စုံးစမ်းစစ်ဆေးရေးခုံရုံးက ဆက်လက် စုံစမ်း စစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။
စုံစမ်းစစ်ဆေးရေးခုံရုံးရဲ့ တွေ့ရှိချက်အရ ပြစ်မှုတစုံတရာ ကျူးလွန်ကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ့ခဲ့ရင် စစ်ဘက် တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
သမ္မတက အစီရင်ခံစာကို ပေးပို့ခဲ့တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကလည်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးတာတွေ ဆက်လုပ်ဖို့၊ အထောက်အထားခိုင်လုံရင် တရားစွဲဖို့အတွက် သက်ဆိုင်ရာ ဌာနအဖွဲ့ အစည်းတွေနဲ့ပူးပေါင်းသွားမယ်လို့ဆိုပြီး ပြစ်မှုကျူးလွန်သူတွေကို စုံစမ်း စစ်ဆေး တရားစွဲတဲ့ အခြေအနေတွေကို ဆက်ပြီး ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။